မြေလတ်အသံ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲက စစ်ကော်မရှင်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပဲခူးရိုးမထဲရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းဘေးက ဘန့်ဘွေးကုန်းရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ဝ ကျော်တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၇ ရက်မနက် ၅ နာရီ ကျော်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ပြီးနောက်မှာ စစ်ကော်မရှင်တပ်တွေက ရွာကနေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်သားတွေ သေဆုံး၊ ဒဏ်ရာရတာကို ခလရ ၁ တပ်တွင်းကနေ ပြန်သိရတာပါ။ ၇ ရက်နေ့မနက် တိုက်ပွဲဖြစ်ပြီး ၈ ရက်နေ့မှာ ဘန့်ဘွေးကုန်းရွာက နေအိမ် ၈ လုံးကို စ**တွေမီးတင်ရှို့ရာမှာ နေအိမ် ၂ လုံးတော့ မီးလောင်ပြာကျသွားပါတယ်။”သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ မှ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ခိုက်မှု ၁ နာရီကျော်အကြာမှာ စစ်ဆေးရေးဂိတ်ကို ဝင်သိမ်းဖို့ပြင်ဆင်နေချိန် စိန့်ကန့်လန့်ရွာ အခြေစိုက် ခလရ ၁ မှ လက်နက်ကြီးတွေပစ်ခတ်ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့သလို မြေပြင်ကနေ စစ်ကော်မရှင်ဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကူရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူကဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဘန့်ဘွေးကုန်းကျေးရွာနဲ့ ခလရ ၁တပ်ရင်းဟာ ၇ မိုင်ခန့်သာ ကွာဝေးတယ်လို့ သိရပါတယ်။
ဘန့်ဘွေးကုန်းကျေးရွာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ၂၀၂၂ ကစတင်ကာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပြီး ၎င်းတို့တပ်စွဲလာချိန်ကတည်းက ဒေသခံတွေကို ကျေးရွာကနေ နှင်ထုတ်ခဲ့တာကြောင့် ရွာလုံးကျွတ်စစ်ရှောင်နေကြရတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ဦးဆောင်ပြီး တပ်ခွဲ ၁ Dragon Brothers GBK PDF ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA GBK PDF၊ သာယာဝတီခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၃ (မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၇ ရက်မှာပဲ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာ အနီးရှိ ဆည်ဘောင်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ်သား ၃၀ ဦးနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း