မိုးကုတ်၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ ဆက်လက်တိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင်ဘက်ကလည်း လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၂ ရက် မနေ့ကညနေပိုင်းမှာ စစ်ကော်မရှင်တပ်တွေက မိုးကုတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းရွာကို လေကြောင်းကနေဗုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်နေတာပါ။ စကစက သူတို့ကအထိနာလာရင် ဘယ်ပြည်သူ့မျက်နှာမှမကြည့်ပါဘူး။ လေကြောင်းကနေ ကြဲတာပါပဲ။ တိုက်ပွဲနယ်မြေဖြစ်နေလို့ အထိအခိုက်ကို ကျနော်တို့လည်း သွားကြည့်လို့မရပါဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းက အထက (၁) ကျောင်းနဲ့ ဆေးရုံကြီးမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်တွေကို ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းမှာ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၉ ရက်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင် ဆေးရုံကြီးမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်တပ်တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသူတွေကို ဒန့်ဒကူးတောင်က မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်တာကို တွေ့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့ပြီး မနေ့ကညနေပိုင်းစစ်ကော်မရှင်တပ်က သစ်စိမ့်ကုန်းရွာအပါ မိုးကုတ်မြို့အနီးဝန်းကျင်ကို လေကြောင်းသုံးပြီးတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်ဒီနေ့အထိ မိုးကုတ်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ သိရကာ တိုက်ပွဲတွင်းထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက် စုံစမ်းနေပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ မိုးကုတ်နဲ့မိုးမိတ်မြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေကသိမ်းယူခဲ့ပြီးနောက် အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်မှာ စစ်ကော်မရှင်နဲ့ TNLA တပ်ဖွဲ့တို့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုအပြီး TNLA တပ်ဖွဲ့က စစ်ကော်မရှင်ဆီ လွှဲပြောင်းဖို့ သဘောတူခဲ့တာပါ။
အဲ့ဒီနောက် နိုဝင်ဘာ ၂၉ ရက် ညပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေထဲကို ပြန်ဝင်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစလို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေခဲ့တာပါ။
သတင်း – မြတ်