ချောက်၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကြီးနီကျေးရွာအနီး ရထားလမ်းဘေးမှာ ပစ်သတ်ခံထားရတဲ့ အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတဦးဆီက သိရပါတယ်။
ပစ်သတ်ခံထားရသူတွေက ချောက်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်နေ အသက် ၆၀ ကျော်အရွယ် ဦးကျော်အေး နဲ့ ဂွေးချိုကျေးရွာနေ အသက် ၆၁ နှစ်အရွယ် ဦးခင်မောင်နိုင်တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၁ ရက်နေ့နေလယ် ၁ နာရီခန့်မှာ လမ်းသွားလမ်းလာတွေကတွေ့ရတာလို့ ဆိုပါတယ်။
“မွန်ကြီး KTV မှာဝင်ဆွဲသွားတာ။ ရွှေဇင်ဝင်းဟိုတယ်နဲ့မျက်နှာချင်းဆိုင် ဆိုင်ကနေ။ ခေါ်သွားပြီးမှ ရှင်းတဲ့သဘောရှိတယ်။ အလောင်းတွေကိုတော့ ကြီးနီဘူတာရုံနားလာပစ်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
သူတို့ ၂ ဦးဟာ ဒီဇင်ဘာ ၇ ရက်ညပိုင်းမှာ KTV ကတဆင့် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အလောင်းတွေ တွေ့ချိန်မှာတော့ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဗိုက်ကျည်ထိဒဏ်ရာတွေနဲ့သေဆုံးနေတာတွေ့ရကာ အလောင်းတွေကိုတော့ စစ်ကော်မရှင်တပ်သားတွေကလာကောက်သွားကြတယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးဟာ စစ်အာဏာသိမ်းစက လူထုဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့သေးပြီး နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းကာ ရေနံစိမ်းအရောင်းအဝယ်လုပ်ရင်း စီးပွားဖြစ်လာသူတွေ ဖြစ်သလို စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့အတူသွားလာနေထိုင်သူတွေဖြစ်တယ်လို့ အထက်ပါ ဒေသခံတဦးကပြောပါတယ်။
“အရင်က လူမိုက်ကျော်အေးပေါ့။ ကျော်အေးက ခင်မောင်နိုင်တပည့်။ ဆီမှောင်ခိုတွေလုပ်ပြီး အကြီးအကျယ်ချမ်းသာသွားတာ။ စစ်**နဲ့ပေါင်းပြီး ရေနံတွေလုပ်တာ။ စစ်ကောင်စီနဲ့ပေါင်းပြီး ဒေါက်တိုင်လုပ်တာမှန်တယ်။ သူတို့က သပိတ်ကာလမှာ ပထမသပိတ်မှာ ပါသလိုလိုနဲ့နောက်ပြီးမှ **နဲ့ပေါင်းသွားတာ”လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
သူတို့တွေကို ဘယ်အဖွဲ့အစည်းတွေဘက်က ဖမ်းဆီးပစ်ခတ်ခဲ့လည်းဆိုတာကိုတာ့ ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူတွေဖြစ်တဲ့ ဦးကျော်အေးနဲ့ ဦးခင်မောင်နိုင်တို့ဟာ ချောက်ကနေ ဂွေးချိုရွာကို ခရီးသည်တင်ကားနဲ့အသွား လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း ချောက်မြို့နယ်၊ စလေမြို့အဝင်က ဘီယာဆိုင်မှာ ချောင်းပိုက်ကျေးရွာက ပျူစောထီးတဦးပစ်သတ်ခံရပြီး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း