PDF က လက်ဦးမှုယူ ပစ်ခတ်နိုင်လို့ ကင်းပုန်းလာဝပ်တဲ့ စစ်သား ၂ ဦးသေဆုံး၊ သေနတ် ၂ လက်ရ

0 1
0 1

စစ်ကိုင်း၊ မေ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦး – ရေဦးကားလမ်းမပေါ်ကို ထွက်လာတဲ့ စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လက်ဦးမှုယူကာ ပစ်ခတ်နိုင်ခဲ့လို့ ၂ ဦးစလုံး သေဆုံးပြီး သေနတ် ၂ လက်လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၀ ရက်ဒီကနေ့ နေ့လည် ၁၂ ခွဲ ဝန်းကျင်က စစ်ကောင်စီတပ်စွဲထားတဲ့ မူးတိမ်ချောင်းတံတားကနေ မီတာ ၂၀၀ ခန့်ဝေးတဲ့ အဲ့ဒီကားလမ်းမပေါ်ကို ကင်းဝပ်ဖို့ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်ဦးမှုယူ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ခင်ဦး ပကဖ ရဲဘော်တဦးက ပြောပါတယ်။

“ကျနော်တို့ကလည်း ကင်းဝပ် သူတို့ကလည်း ကင်းဝပ်၊ သူတို့ဦးရင် သူတို့ဆော်မှာဆိုတော့ ခုက ကျနော်တို့ဦးတော့ သူတို့ခံလိုက်ရတာပေါ့။ အလောင်းကတော့ ခုထိလာမကောက်သေးဘူး” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၂၀ ဝန်းကျင် စစ်သား ၁ ဦးနဲ့ အသက် ၃၀ ဝန်းကျင် စစ်သား ၁ ဦးသေဆုံးခဲ့ပြီး၊ သူတို့ကိုင်ဆောင်တဲ့ MA 1 သေနတ် ၁ လက်၊ AK 47 ၁ လက်၊ ၅.၅၆ မမ ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၃ ခုသိမ်းဆည်းနိုင်ခဲ့ကာ သေနတ်တွေမှာ တပ်အမှတ်အသားတွေရေးမထားလို့ ဘယ်တပ်က ဆိုတာတော့မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ သေဆုံးတပ်သားတွေရဲ့အလောင်းကို လက်ရှိအချိန်ထိ လာရောက်ကောက်ယူတာမရှိသေးဘဲ အင်အားဖြည့်တင်းနေတဲ့အတွက် စောင့်ကြည့်နေရဆဲအခြေအနေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မူးတိမ်ချောင်းတံတားမှာ ရွာသစ်ကုန်းနဲ့ ပြင်ထောင်ရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းကာ အထိုင်ချတပ်စွဲနေတာ တနှစ်နီးပါးရှိနေဖြစ်ပြီး ခင်ဦးမြို့နယ်အတွင်းမှာ မေလ ၈ ရက်နေ့ကတည်းက စစ် ကြောင်း ၂ ကြောင်းဝင်ရောက်ကာ ကျေးရွာတွေကိုမီးရှို့နေတာကြောင့် ဒေသခံ ၇၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။