သမဝါယမမြေဟုဆိုပြီး မိသားစု ၁၈ စုရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဖိအားပေးဖယ်ရှား

0 1
0 1

ပဲခူး၊ မေ ၆၊ ၂၀၂၃။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ ဗေဒင်ကုန်းရပ်ကွက်မှာ နေထိုင်ကြတဲ့ မိသားစု ၁၈ စုရဲ့ နေအိမ် ၁၈ လုံးကို သမဝါယမအသင်းစုရဲ့မြေနဲ့ မလွတ်ကင်းလို့ဆိုပြီး မေလ ၁၀ ရက်နေ့ နောက်ဆုံးထား ဖြိုဖျက်ဖယ်ရှားပေးဖို့ ခြိမ်းခြောက်ပြောဆိုလာတဲ့အတွက် ဖျက်ပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယနေ့ မေလ ၆ ရက်နေ့မှာတော့ ဖယ်ရှားခိုင်းခံရသူတွေထဲက မိသားစုဝင် ၇ စုက နေအိမ်တွေကို စတင်ဖျက်သိမ်းနေပြီး လက်ရှိမှာတော့ ၂ အိမ်ဖျက်ပြီးသွားပြီလို့ သိရပါတယ်။

“သူတို့တွေက ဒီနေရာမှာနေလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီ။ သူတို့နေအိမ်တွေကို သမဝါယပိုင်မြေထဲမှာ ပါနေတယ်။ ဖယ်ရှားပေးရမယ်။ မဖယ်ရှားရင်ဖမ်းဆီးပြီး ထောင်ချလိုက်မယ်။ ထောင်တွေကို ချဲ့ပေးရမလားလို့ ပြောခဲ့တယ်။ လက်မှတ်ကိုလည်း အတင်းအဓမ္မထိုးခိုင်းလို့ထိုးခဲ့ရတယ်”လို့ ဖယ်ရှားခံရသူတွေနဲ့နီးစပ်သူ တဦးက ဆိုပါတယ်။

လက်ရှိမှာ အဆိုပါနေရာကနေ ဖယ်ရှားပေးရမယ့် မိသားစုတွေမှာ နစ်နာကြေးပိုက်ဆံတပြားမှမရရှိသလို အိမ်တွေကိုပါ ဖြိုဖျက်ပေးရမှာဖြစ်လို့ အခက်အခဲတွေအများကြီးဖြစ်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်သား ၄ ဦး၊ သုံးဆယ်မြို့မရဲစခန်းမှူး၊ မြေစာရင်းဦးစီး၊ သမဝါယမအသင်းစု ဥက္ကဋ္ဌ၊ ထွေ/အုပ်ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဧပြီလ ၂၆ ရက်နေ့မှာ မိသားစု ၁၈ စုကို မြို့နယ်ထွေအုပ်ရုံးကို ခေါ်ကာ ဖယ်ရှားဖို့လက်မှတ်ထိုးခိုင်းပြီး ဖိအားပေးခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ ပြောကြပါတယ်။

“ကျနော်တို့က လက်လုပ်လက်စားတွေပါ။ တနေ့လုပ်မှ တနေ့စားနေရတာ။ အိမ်တွေဖြိုဖျက်ပြီး ဖယ်ပေးလိုက်ရင် တော်တော်လည်း ဒုက္ခတွေဖြစ်သွားမယ်။ မဖယ်ရှားရင်လည်း အသရော်ရွာက သမချေးငွေပြန်မဆပ်တဲ့ ကလေးတွေနဲ့အမျိုးသမီးတွေ ဖမ်းဆီးခံရတာကို နမူနာကြည့်ထားဆိုပြီး ခြိမ်းခြောက်ပါတယ်” လို့ ဆိုပါတယ်။

လက်ရှိဖယ်ရှားပေးရမယ့်မိသားစုတွေဟာ ၁၉၅၂ ခုနှစ်ကတည်းက သုံးဆယ်မြို့ သူဌေးဦးတင်စွမ် ဆန်စက်မှာ အလုပ်သမားတွေအဖြစ် လုပ်ကိုင်ခဲ့ကြတာကြောင့် လုပ်သားတန်းလျားအဖြစ်ထားပြီး နေခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဦးတင်စွမ်က သမဝါယမအသင်းစုကို အဆိုပါမြေနေရာကို ရောင်းချခဲ့ပေမယ့် လုပ်သားတန်းလျားမှာ နေထိုင်ကြသူတွေဟာ မပြောင်းရွေ့ပဲ အဲဒီနေရာမှာဘဲ နေထိုင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် NLD လက်ထက်ကချေးယူခဲ့တဲ့ သမဝါယမငွေကို ပြန်မဆပ်နိုင်သေးလို့ဆိုကာ မေလ ၅ ရက်နေ့က သာယာဝတီမြို့နယ်၊ အသရော်ကျေးရွာက အမျိုးသမီး ၁၃ ဦးနဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်သားတွေက ထော်လာဂျီနဲ့သာယာဝတီမြို့ပေါ်ကို ဖမ်းခေါ်ခဲ့တာမှာ မိခင်ဖြစ်သူနဲ့အတူ နို့စို့အရွယ်ကလေးငယ်တချို့လည်း ပါသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။