ကြို့ပင်ကောက်၊ ဒီဇင်ဘာ ၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အေးရွာလေးကျေးရွာကို စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်ညနေ ၃ နာရီခွဲမှာ သဲကုန်းမြို့ဘက်ကနေတက်လာတဲ့ စက်တပ်လေထီး ၃ စီးဟာ ကျေးရွာထဲနဲ့အနီးဝန်းကျင်တွေကို ၁၂၀ မမ ဗုံးသီး ၉ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရွာလယ်မှာ အခုသေတဲ့လူရဲ့အိမ်ရှေ့မှာကျင်း ၁ ကျင်း၊ အနောက်ဖေးမှာ ကျင်း ၁ ကျင်းတွေ့တယ်။ စာသင်ကျောင်းမှာ။ လမ်းဘေးမှာ ၁ လုံးတွေ့တယ်။ ကျန် ၅ လုံးက ဘယ်နေရာတွေကျတယ်ဆိုတာ မသိသေးဘူး။ သေတဲ့သူက နောက်ဖေးမှာ ပုန်းနေတာ။ ဝါးရုံဘေးမှာ။ ဗုံးသီးလဲချပြီးကော အနားကသစ်ပင်တွေမှာထိပြီး သူခေါင်းကိုအစ ၁ စလာမှန်တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ဗုံးစထိမှန်လို့ အသက် ၄၅ နှစ်အရွယ်ကိုလင်းမှာ ဦးခေါင်းအစမှန်ဒဏ်ရာနဲ့ နေရာမှာတင်သေဆုံးခဲ့ကာ ကျေးရွာထိပ်ရှိစာသင်ကျောင်း ၁ ကျောင်းနဲ့ နေအိမ် ၁ လုံးလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ခုလိုဗုံးကြဲခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် လူဦးရေ ၄၀၀ ကျော်ရှိတဲ့ အေးရွာလေးရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကိုထွက်ပြေးခဲ့ပြီး တချို့ကတော့ ဒီဇင်ဘာ ၇ ရက် ဒီမနက်မှာ နေအိမ်ကိုပြန်လာနေကြပြီလို့ သိရပါတယ်။
စက်တင်ဘာ ၂၈ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာမှာ စစ်ကော်မရှင်တပ်က ပစ်ခတ်တဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး နေအိမ်ပေါ်စာကျက်နေတဲ့ G 10 ကျောင်းသား ၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း