စလင်း၊ မတ် ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာရှိ ရွှေစာရံဘုန်းကြီးကျောင်း လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရလို့ ဦးဇင်း ၁ ပါးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ စလင်းမြို့ခံတွေဆီက သိရပါတယ်။
မတ် ၂၄ ရက် ဒီကနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်တိုက်လေယာဉ် ၂ စီးဟာ ဗုံးကြဲချခဲ့တဲ့အပြင် စက်လတ်တွေနဲ့ပါပစ်ခတ်သွားခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံအဆောက်အအုံကို ထိမှန်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။


“ ဂျက်ဖိုက်တာ ၂ စီး ၅ ခေါက်ပတ်ပြီး ပစ်သွားတာ၊ ဆရာတော်က ဒဏ်ရာများတယ်၊ အရပ်သား ၂ ဦးလည်းထိတယ်၊ အရပ်သား ၂ ဦးကတော့ ဒဏ်ရာရရုံပါ။ “လို့ စလင်းမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကြဲခံရမှုအတွင်း ဘုန်းကြီးကျောင်းဝန်းအတွင်းရှိနေတဲ့ အသက် ၇၆ အရွယ် ဦးဇင်း ထွန်းမောင် နဲ့ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် စလင်းမြို့နယ်အတွင်းက အောက်လှိုင်းအုပ်စု၊ ဂွေးပင်ဇင်အုပ်စု၊ ငါးသန်းခေါင်အုပ်စု၊ ဝမ်းပြည့်ရွာ၊ မန်းကျည်းကုန်းရွာ၊ ကင်းမွန်းချုံ ရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ကျော်ဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ