ဒီပဲယင်း၊ မရကန်ရွာလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၀ ကျော်ရှိလာ

0 35
0 35

ကျော်ကြီး၊ ဒိန်းဂျား

ဒီပဲယင်း၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာမှာ လူစည်ကားနေတဲ့လက်ဖက်ရည်ဆိုင်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ခန့်သေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၅ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်မှာ တံတားဦးလေတပ်ဘက်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီး ကျေးရွာထဲရှိအထက်ပါလက်ဖက်ရည်ဆိုင်ကို ရော့ကတ် ၁ လုံး ဆိုင်အနီးလူနေအိမ်တွေကြားကို ၁ လုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာပေါ်မှာမြင်ရတဲ့သူတွေပြောပြချက်အရ ရွာပေါ်မရောက်ခင်ကတည်းက ပစ်တာ။ မီးတန်း နှစ်တန်း မြင်ရတယ်။ လက်ဖက်ရည်ဆိုင် ရွာသူရွာသားတွေကြည့်နေတဲ့ ဆိုင်ထဲ ၁ ခုကျတယ်။ လမ်းမနောက်ဖက် နေအိမ်ပေါ် ၁ လုံးကျတယ်။ လက်ဖက်ရည်ဆိုင်ရှိနေတဲ့သူအားလုံးနီးပါး ထိခိုက်သေဆုံးကြတယ်။ အိမ်နားဝန်းကျင်မှာထိသူလည်းရှိတယ်”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပစ်ခတ်မခံရခင် လူဦးရေ ၄၀ ကျော်လောက် လက်ဖက်ရည်ဆိုင်မှာဘေားလုံးပွဲကြည့်နေခဲ့ပြီး ရော့ကတ်နဲ့ လာပစ်ချိန်ဟာ ဘောလုံးပွဲပြီးခါစအချိန် လာကြည့်သူတချို့ပြန်သွားတဲ့အတွက် ထိခိုက်သေဆုံးသူ ယခုလောက်သာရှိခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးသူတွေထဲက အသက် ၅ နှစ်အောက်ကလေး ၂ ဦးနဲ့ အမျိုးသမီးအလောင်း ၃ လောင်းအပါအဝင် ၁၈ အလောင်းကိုရထားပြီး အလောင်းမရဘဲခန္ခာကိုယ်တစစီဖြစ်သွားသူတွေလည်းရှိတာကြောင့် စုစုပေါင်း သေဆုံးသူဟာ ၂၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲက ၁၈ ဦးကတော့ ဦးလင်းအောင် ၅၀ နှစ်၊ ဒေါ်ဌေးစီ ၅၃ နှစ်၊ ဦးသန်းဇော်ဦး (တိုင်နတ်)၊ ဦးတင်ရွှေ ၇၇ နှစ်၊ ဒေါ်ခင်မာအေး ၅၃ နှစ်၊ ဦးဖိုးနီ ၄၄ နှစ်၊ ဒေါ်ခင်မော် ၅၉ နှစ်၊ ဦးမြတ်ရှိန်း ၇၂ နှစ်၊ ဦးဉာဏ်ပို ၇၅ နှစ်၊ ဦးရဲထက် ၃၃ နှစ်၊ ဦးဇော်ဌေး ၄၄ နှစ်၊ ပူတူး ၃၇ နှစ်၊ မောင်ခန့်ဇေယျာအောင် ၅ နှစ်၊ ကိုဝေယံ ၃၇ နှစ်၊ ဦးမြင့်သောင်း ၅၇ နှစ်၊ ဦးကျော်မြင့် ၅၉ နှစ်၊ ကိုဖြိုး ၂၀ နှစ်၊ ဦးကံဌေး ၅၆ နှစ် တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၂၀ နီးပါးရှိပြီး ထိခိုက်သူတွေကို ချက်ချင်းကယ်ဆယ်ရေးလုပ်ဆောင်ရလို့ ကျား၊ မအရေအတွက်တွေ စိစစ်နေကာ နေအိမ် ၁၀ လုံးနီးပါလည်းပျက်စီးခဲ့တယ်လို့ သိရပါတယ်။

“မရကန်ကျေးရွာကို ကြဲတာတော့ အထိအခိုက်ရှိတယ်၊ ရွယ်လည်ခေါင် လက်ဘက်ရည်ဆိုင်ကို ကြဲသွားတာ၊ လက်ဘက်ရည်ဆိုင်မှာတော့ ဘာမှမရှိဘူး၊ အားလုံး လက်ဘက်ရည်သောက် စကားပြောရင်းနဲ့ TV စုကြည့်ကြတာ၊ ရွာသူရွာသားအားလုံးပေါင်း လူ ၄၀ လောက်ရှိမယ်၊ ဗုံး ၁ လုံးက ကျရောက်ပေါက်ကွဲပြီးတော့ ပထမ ပွဲချင်းပြီး ၉ ဦးသေတယ်၊” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေးနေပြီး သေဆုံးသူတွေကိုတော့ ဒီဇင်ဘာ ၆ ရက် ဒီနေ့မှာသင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

မရကန်ရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိပြီး တိုက်ခိုက်မှုကြောင့်ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ခဲ့ရကာ တချို့ကတော့ ဒီမနက်ပိုင်းမှာရွာကိုပြန်လာနေကြတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒီဇင်ဘာလဆန်းပိုင်းအတွင်း ရွှေဘို၊ ခင်ဦး၊ ဘုတလင် စတဲ့ကျေးရွာတွေကိုလည်း နေ့စဥ်နီးပါးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါသေးတယ်။

သတင်း – ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။