မြေလတ်အသံ၊ ဒီဇင်ဘာ ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းရှိ သစ်ချိုပင်ကျေးရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၅ ရက် ဒီမနက် ၁ နာရီကျော်မှာ လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၁ ဦးနဲ့ လင်မယား ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
သစ်ချိုပင်ကျေးရွာအတွင်းကို တိုက်ခိုက်ရေး လေယာဥ် ၁ စီးနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း၊ ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်းနဲ့ ဇနီးမမေလွမ်းသူတို့ ၃ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။



“အခုဖိုက်တာပစ်တဲ့ဖက်မှာက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲနဲ့ အကြောင်းမဲ့သက်သက် လေ ကြောင်းတိုက်ခိုက်သွားတာပါ။ ရွာလယ်ကိုကျပါတယ်။ လင်မယား ၂ ယောက်အိမ်ကို တည့်တည့်ကျပါတယ်။ သူတို့ ဘေးအိမ်က ကလေး ၁ ယောက်ကလည်း သေပါတယ် “လို့ ရွှေဘိုဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သေဆုံးသူမှာ ခန္ခာကိုယ်တွေပြတ်ထွက်ပြီး သေဆုံးခဲ့တာလို့ နောက်ထပ်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။



“ကလေးကလည်း တစစီဖြစ်သွားတယ်။ လင်မယားနှစ်ယောက်ကလည်း ခါးတွေ ပြတ်ထွက်သွားတယ်”လို့ သူကဆိုပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောက်ထပ်ဒေသခံ အမျိုးသား၊ အမျိုးသမီး ၈ ဦး တို့ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၁၀ လုံး၊ ဆိုင်ကယ် ၂ စီး၊ ဖောကား ၁ စီးတို့ပျက်စီးပြီး နွား ၉ ကောင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ဒီဇင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ နတ်မှော်ဦးကျေးရွာကို တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် မိသားစု ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း