တောင်သာမှာ စစ်ကော်မရှင်စစ်ကြောင်းမီးရှို့လို့နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီး

0 8
0 8

တောင်သာ၊ ဒီဇင်ဘာ ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကျော်ကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းကမီးရှို့လို့နေအိမ် ၅၀ ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ​ကျေးရွာနဲ့နီးစပ်သူတဦးထံက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ တောင်သာမြို့ကနေ ဖောကား ၅ စီးနဲ့အင်အား ၁၅၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ ကျေးရွာထဲကို ရောက်လာပြီး နေအိမ်တွေကိုမီးဝင်ရှို့ခဲ့တာလို့ ဆိုပါတယ်။

“အိမ်တွေကို ဒုံးတင်ပြီး(အမြန်)မီးရှို့သွားတာ။ ချက်ချင်းရောက်ချက်ချင်းရှို့တာ။ ရွာထဲမှာ တနာရီလောက်ကြာသွားတယ်။ စစ်ကြောင်းက ဒီအတိုင်းကြီးဝင်လာတော့ သူတို့ရောက်လာမှ ထွက်ပြေးရတာတွေရှိတော့ ရုန်းရင်းဆန်ခတ်တွေတော့ ဖြစ်သွားတယ်။ ဒီအတိုင်းအငိုက်ဖမ်းပြီးဝင်လာတာ။ စစ်‌ရေးလည်းမရှိဘူး”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ပဲခင်း‌ကျော်ကျေးရွာဟာ တောင်သာမြို့ရဲ့ အ ရှေ့ဘက် မကျီးအိုးဂိတ်နဲ့ ၂ မိုင်အကွာမှာရှိတာလို့ သိရပါတယ်။

စစ်ကော်မရှင်စစ်ကြောင်း ကျေးရွာထဲဝင် မီးရှို့ချိန် ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁ နာရီခန့်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပူးပေါင်းတပ်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ စစ်ကော်မရှင်တပ်ထိခိုက်မှုတော့မသိရသေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကြောင်းကနေ မီးရှို့လို့ အိမ်​ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာက အိမ်ခြေ ၅၀ ကျော်မီးလောင်ပျက်စီးခဲ့ရပြီး ကျေးရွာနေပြည်သူအားလုံးထွက်ပြေးခဲ့ရပါတယ်။

ကျေးရွာနေအိမ်တွေကို မီးရှို့ပြီးနောက် စစ်ကြောင်းဟာ တောင်သာမြို့ဘက်ကို ပြန်ထွက်သွားလို့ မနေ့ညနေပိုင်းမှာ ထွက်ပြေးနေတဲ့ရွာခံတွေက ကျေးရွာထဲကိုပြန်ဝင်လာကြပြီလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာကို စစ်ကော်မရှင်စစ်ကြောင်းထိုးပြီး မီးရှို့ရလို့ နေအိမ် ၅၀ ခန့် ပျက်စီးပြီး သံဃာ ၁ ပါး ပျံလွန်တော်မူခဲ့တယ်လို့ သိရပါတယ်။

စာတည်း- မြတ်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။