မြန်မာနိုင်ငံအလယ်ပိုင်း အကျဥ်းထောင် ၈ ခုက နိုင်ကျဥ်း ၂၂၀ ဦးလွတ်မြောက်

0 2
0 2

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၊ ၂၀၂၅။

စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်းရှိ အကျဥ်းထောင် ၈ ခုမှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဥ်းသူ/သားတွေထဲက ၂၂၀ ဦးဟာ ဒီဇင်ဘာ ၁ ရက်မှာ လွတ်မြောက်လာခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM က ပြောပါတယ်။

မကွေးတိုင်း၊ မကွေးထောင်မှ အမျိုးသား ၂ ဦး၊ သရက်ထောင်မှ အမျိုးသား ၄ ဦး၊ စစ်ကိုင်းတိုင်း၊ ကလေးထောင်မှ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှ အမျိုးသား ၄၈ ဦးနဲ့အမျိုးသမီး ၂ ဦး၊ သာယာဝတီထောင်မှ အမျိုးသား ၇၇ ဦးနဲ့ အမျိုးသမီး ၆ ဦး၊ ပြည်ထောင်မှ အမျိုးသား ၄ ဦး၊ မန္တလေးတိုင်း၊ အိုးဘိုထောင်မှ အမျိုးသား ၄၂ ဦး၊ မြင်းခြံထောင်မှ အမျိုးသား၊ အမျိုးသမီး ၂၄ ဦးတို့ဖြစ်ပါတယ်။

ပုံစာ – ၂၀၂၃၊​ မေလ ၃ ရက်တွင် ပြည်အကျဉ်းထောင်က လွတ်မြောက်လာသူများကို မိသားစုများက ကြိုဆိုနေကြစဉ်။ (ပုံဟောင်း)

“နိုင်/ကျဥ်းတွေ ၁ ရက်နေ့မှာ အရေအတွက် ၂၀၀ ကျော် ထပ်လွတ်လာတာကို တွေ့ရတယ်။ လွတ်လာတဲ့သူတွေအတွက် ဝမ်းသာရပါတယ်။ ဒါပေမယ့် အကျဥ်းထောင်ထဲမှာ ၂ သောင်းကျော်သော နိုင်ငံရေးအကျဥ်းသားတွေ ကျန်နေဆဲဖြစ်ပါတယ်။ ဒီနိုင်ငံရေးအကျဥ်းသားအားလုံး လွတ်မြောက်နိုင်အောင် တောင်းဆိုရမှာဖြစ်သလို လွတ်မြောက်ရေးအတွက်အားလုံး တော်လှန်ရေးကိုတစိုက်မတ်မတ် ပိုပြီးအားကောင်းအောင် လုပ်ရမှာဖြစ်တယ်”လို့ PPNM မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

သာယာဝတီထောင်မှ လွတ်လာတဲ့နိုင်ငံရေး အကျဥ်းသူ ၆ ဦးထဲမှာ BBC Media Action က အလွတ်တန်းထုတ်လုပ်ရေးမှူးနဲ့ အစီအစဥ်တင်ဆက်သူ မထက်ထက်ခိုင်ပါဝင်လာခဲ့ပြီး သူဟာ ပုဒ်မ ၅၀၅-က အပြင် မတရားသင်းဥပဒေ ပုဒ်မ ၁၇ (၁) တို့နဲ့ ပြစ်ဒဏ် ချခဲ့နေသူဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – ၂၀၂၃၊​ မေလ ၃ ရက်တွင် ပြည်အကျဉ်းထောင်က လွတ်မြောက်လာသူများကို မိသားစုများက ကြိုဆိုနေကြစဉ်။ (ပုံဟောင်း)

“လက်ရှိလွတ်လာတဲ့သူတွေထဲမှာလည်း ၁၇ (၁) ပုဒ်မတွေလိုမျိုး ပုဒ်မတွေကို ထောင်ဗူးဝမှာဘဲ ပြန်လည်ဖမ်းဆီးနေတာတွေကို တွေ့ရတဲ့အတွက် လက်ရှိလွတ်လာသည့် တိုင်အောင် အချိန်မရွေး ပြန်ဖမ်းခံရနိုင်တဲ့ အန္တရာယ်တွေကိုလည်း လွတ်လာတဲ့နိုင်ငံရေးအကျဥ်းသားတွေ ရင်ဆိုင်နေဆဲပါ”လို့ ကို သိုက်ထွန်းဦးကပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၆ ရက်မှာ စစ်ကော်မရှင်တပ်ရဲ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ)က ၂၀၂၁၊ ဖေဖော်ဝါရီကစပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ကနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေ၊ အမှုဖွင့်ခံထားရသူတွေအပါအဝင် အဲဒီပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်လို့ ထွက်ပြေးတိမ်းရှောင်နေရသူတွေကို အမှုပိတ်သိမ်းကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

ပုံစာ – ၂၀၂၃၊​ မေလ ၃ ရက်တွင် ပြည်အကျဉ်းထောင်က လွတ်မြောက်လာသူများကို မိသားစုများက ကြိုဆိုနေကြစဉ်။ (ပုံဟောင်း)

အဆိုပါကြေညာချက်မှာ တနိုင်ငံလုံးရှိ အကျဥ်းထောင်တွေမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – ကနဲ့ အကျဥ်းကျခံနေရသူ ၂,၃၆၁ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးမှာဖြစ်သလို တရားစွဲဆိုဖမ်းဝရမ်းထုတ်ခံရလို့ ထွက်ပြေးတိမ်းရှောင်နေကြသူ ၅,၅၈၀ ဦးရဲ့အမှုတွေကိုပါ ပိတ်သိမ်းပြီး ပြန်လွှတ်မယ်လို့လည်း ပါရှိခဲ့ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။