အောင်လံမှာ PDF နဲ့ဆက်စပ်သူဆိုကာ အမျိုးသား ၂ ဦးဖမ်းဆီးခံရ

0 41
0 41

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ရွှေပန်းတောတိုက်နယ်ကျေးရွာမှ ဆိုင်ကယ်ဝပ်ရှော့ဆိုင်ပိုင်ရှင် အမျိုးသား ၁ ဦးနဲ့ နောက်ထပ် အမျိုးသား ၁ ဦးတို့ကို စစ်ကော်မရှင်တပ်ကဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ဝပ်ရှော့ပိုင်ရှင် ဦးသန်းထွန်းလေး နဲ့ “ဆုံဆည်းရာ” လက်ဖက်ရည်ဆိုင်မှ အဖျော်ဆရာ ကိုဝင်းသိန်းတို့ဖြစ်ပြီး ၎င်းတို့ကို ရွှေပန်းတောရွာရဲစခန်းမှ ရဲတပ်သား ၁၀ ဦးက နိုဝင်ဘာ ၃၀ ရက်နေ့လယ် ၁ နာရီမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဝပ်ရှော့ဆိုင်ရှင်ကိုက ရဲတွေဆိုင်ကယ်နဲ့ အိမ်ကဖမ်းခေါ်သွားတာ။ အဖျော်ဆရာကျတော့ ရဲစခန်းကိုလက်ဖက်ရည်လာပို့ဆိုပြီး ခေါ်တာ။ သူကသွားပို့တဲ့အခါမှာ ဖမ်းထားလိုက်တာ” လို့ အောင်လံဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဖမ်းခံရသူ ၂ ဦးဟာ PDF နဲ့ဆက်စပ်မှု ရှိ၊မရှိဆိုတာကိုအတည်မပြုနိုင်သေးဘဲ ရဲတပ်သားတွေကဖမ်းဆီးပြီးနောက် အောင်လံမြို့ပေါ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ- ရုံး)မှာစစ်ဆေးနေပြီး မိသားစုတွေကတွေ့ခွင့်တောင်းပေမယ့် တွေ့ခွင့်မရကြဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၁၈ ရက်ကလည်း အောင်လံမြို့နယ်၊ ရွာသာကုန်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဆိုသူကို PDF နဲ့ ဆက်စပ်သူဆိုကာ ရဲတပ်သားတွေက ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက်ဒီကနေ့ အထိပြန်မလွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေပန်းတောတိုက်နယ်တွင် နိုင်ငံရေးနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ ပြည်သူတွေကို စစ်ကော်မရှင် လက်အောက်ခံရဲတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် ဒေသခံတွေအနေနဲ့ အင်တာနက်အသုံးပြုရာမှာ သတိထားအသုံးပြုဖို့ အောင်လံမြို့မြေပြင်စစ်ရေးသတင်းအဖွဲ့က သတိပေးထားပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ နိုဝင်ဘာ ၂၈ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရတဲ့ဒေသခံ ၃၀,၀၄၅ ဦးရှိပြီး အဲ့ဒီထဲက ၂၂,၇၀၄ ဦးက ထိန်းသိမ်းခံထားရကာ ၁၁,၄၂၇ ဦးကတော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။