ညောင်ဦး၊ နိုဝင်ဘာ ၃၀၊ ၂၀၂၅ ။
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ဇနီးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ဖမ်းဆီးထားတဲ့ ညောင်ဦးအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူထံက သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အမှတ် ၁ ရပ်ကွက်၊ သီရိမင်္ဂလာရပ်နေ စစ်ကော်မရှင်လက်အောက် ညောင်ဦးမြို့ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၄၀ နှစ်ဝန်းကျင်ရှိ ဦးဖိုးကျော် (ခ) ဦးထင်ကျော်ဝင်းနဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ချောစုစုထွေးတို့ကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“လောလောဆယ် ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲပါ။ သူက စကစနဲ့ပူးပေါင်းပြီး ညောင်ဦးမြို့နယ်မှာ ပျုခေါင်းဆောင် အောင်ကျော်မြင့်ပြီးရင် အဆိုးဆုံး။ သူ့ပြစ်မှုတွေကတော့ အများကြီးပဲ။” လို့ ဖမ်းဆီးထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီအုပ်ချုပ်ရေးမှူးဟာ ညောင်ဦးမြို့နယ်နဲ့အနီးတဝိုက်မှာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးတာမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ပူးပေါင်းပြီး ဦးဆောင်ပါဝင်တာ၊ အိမ်ခြံမြေကွက်တွေကိုကျူးကျော်ဆိုပြီး ခြိမ်းခြောက်ငွေတောင်းတွေ လုပ်ဆောင်နေတာကြောင့် ဖမ်းဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
စစ်ဆေးမှုပြီးဆုံးရင် သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီး ထိရောက်စွာအရေးယူသွားမယ်လို့လည်း အထက်ပါတာဝန်ရှိသူထံက သိရပါတယ်။
ညောင်ဦးမြို့နယ်မှာ စစ်ကော်မရှင်လက်အောက်အုပ်ချုပ်ရေးမှူးတွေ မကြာခဏဆိုသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေရှိနေပြီး နိုဝင်ဘာ ၂၈ ရက်ကလည်း သစ်ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဆိုသူ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ