မြေလတ်အသံ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်းကို စစ်ကားအစီးရေ ၁၂၅ စီးနဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁,၀၀၀ ခန့် ဝင်ရောက်လာပြီး ပြည်သူ့ဆေးရုံမှာနေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ မိုးကုတ်-မိုင်းလုံ-ပြင်ဦးလွင်အာရှလမ်းမကနေတဆင့် နိုဝင်ဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ရက်တာအတွင်း ဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။
“မနေ့ည(၂၈ရက်)ကနဲ့ ဒီနေ့ညနေခင်း(၂၉ ရက်)တွေမှာ ဝင်ရောက်နေတာပါ။ မြို့ရဲ့ ပြည်သူ့ ဆေးရုံးကြီးမှာ နေရာယူထားတာတွေ ကြားရပါတယ်။ TNLA ရဲ့ အုပ်ချုပ်ရေးပိုင်းက ခုလက်ရှိအချိန်ထိ ရှိနေဆဲပါပဲ။ မြို့ရဲ့ အုပ်ချုပ်ရေးပိုင်းကိုလွှဲအပ်ပြီးမှ မြို့ကနေထွက်မှာပါ။”လို့ မိုးကုတ်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဝင်ရောက်လာတဲ့ ၂ ရက်တာအတွင်း မိုးကုတ်မြို့ရဲ့ လေးဘက်လေးတန် အဝင်၊ အထွက်တွေကို တင်းတင်းကြပ်ကြပ်ပိတ်ဆို့ကာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က လုံခြုံရေးယူပေးခဲ့တယ်လို့ သူကဆိုပါတယ်။


“TNLA ဘက်က လုံခြုံရေးပေးပြီးခေါ်သွင်းမယ်ဆိုတာ အစကတည်းက ပြောထားပြီးသားပါ။ လက်ရှိလည်း မြို့ရဲ့ လေးဘက်လေးတန်ကို အဝင်အထွက် တင်းတင်းကြပ်ကြပ်ပိတ်ဆို့ပြီးမှ မြို့ထဲကို TNLA လုံခြုံရေးအပြည့်နဲ့ ခေါ်သွင်းတာပါ။ ထပ်ပြီး ဝင်လာဖို့ရှိမရှိကတော့ သိမထားရပါဘူး”လို့ အထက်ပါအမျိုးသားကပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်ကစတင်ပြီး မိုးကုတ်မြို့ပေါ်ရှိ ပြည်သူတွေအနေနဲ့ တဖြည်းဖြည်းတိမ်းရှောင်ခဲ့ကြရာ နိုဝင်ဘာ ၂၇ ရက်အထိ တိမ်းရှောင်ကြတဲ့မြို့ခံပြည်သူ ၈၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။
ခုလိုစစ်ကော်မရှင်တပ်တွေ မိုးကုတ်မြို့ပေါ်ကိုလာချိန် လုံခြုံရေးယူပေးပြီး မြို့ပေါ်ကိုခေါ်လာတာနဲ့ ပတ်သက်ပြီး နောက်ထပ်အမျိုးသားတဦးကလည်း ခုလိုပြောပါတယ်။


“မြို့ရဲ့အထွက်ဂိတ် ပန်းမထိပ်ဂိတ်မှာ လုံခြုံရေး အဝင်အထွက် ကန့်သတ်ပိတ်ပင်ပြီးမှ ရန်သူစစ်တပ်ကို ခေါ်သွင်းတာက ဘာသဘောလဲ။ အဲ့အတွက် မိုးကုတ်မြို့က TNLA ကို ဘယ်တော့မှ မကြိုဆိုတော့သလို နောက်နောင် TNLA အရင်ကလို ဆက်ကြေးလာကောက်မယ်ဆိုရင် လက်နက်ပါချင်ပါပါစေ ကျနော်တို့ ယခင်လို ဆက်ကြေးမပေးပါဘူး။ ကျနော်တို့ အနေနဲ့ မရှိရှိတဲ့အရာနဲ့ ကျောက်ရှာတဲ့ပေါက်ပြားရှိရင် ပေါက်ပြားနဲ့ ပြန်ခုခံပါ့မယ်။”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကော်မရှင်တပ်နဲ့ TNLA တပ်တို့ ၉ ကြိမ်မြောက်ဆွေးနွေးပွဲပြုလုပ်ပြီးနောက်မှာ အပစ်ခတ်ရပ်စဲရေး သဘောတူကာ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကနေ TNLA တပ်တွေ ပြန်ဆုတ်ပေးသွားမယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လ ၂၄ ရက်မှာ မိုးကုတ်မြို့တခုလုံးကို TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
စာတည်း – လင်း