ဝေါ၊ နိုဝင်ဘာ ၂၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စက်စုကျေးရွာက စစ်ကော်မရှင်လက်အောက်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်တွေအပါ ၄ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၃ နှစ်အရွယ် ဦးတင်စိုး၊ ရွာခံဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုလင်းနဲ့ အသက် ၃၀ ကျော်အရွယ် ပြည်သူ့စစ် ၂ ဦးတို့ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက် မနက် ၅ နာရီခန့်မှာ ကျေးရွာထဲကနေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
” ရွာမှာက စစ်တပ်ကအမြဲတမ်းမရှိဘူး။ ဟိုရက်တွေကရှိတယ်။ သူတို့ထွက်သွားပြီးမှလာတာ။ ပြည်သူ့စစ်ရှိတာကို ပြည်သူ့စစ် ၂ ဦးပါ ပါသွားတာ။ ကိုလင်းကတော့ရွာသားဘဲ” လို့ ကျေးရွာနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရသူ ၄ ဦးကိုတော့ ရွှေကျင်မြို့နယ်ဘက်ကို ဖမ်းခေါ်သွားတယ်လို့ သိရပြီး နိုဝင်ဘာ ၂၅ ရက်အထိ မိသားစုဝင်တွေနဲ့အဆက်အသွယ်မရဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ဦးတင်စိုးဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦးဖြစ်သလို စစ်တပ်လက်အောက်ပြည်သူ့စစ်အဖွဲ့တွေနဲ့ပေါင်းပြီး စစ်မှုထမ်းကြေးကောက်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာကိုရောက်လာပါက ဧည့်ခံတာ၊ စစ်ကောင်စီဘက်ကခိုင်းတာတွေကိုပြုလုပ်ပေးနေသူလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ပြည်သူ့စစ်၊ ရွာခံတွေကို ဖမ်းဆီးသွားသူတွေကတော့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာမျိုးသတင်းထုတ်ပြန်တာမရှိသေးပါဘူး။
စာတည်း – ဟိန်းစံ