ဝက်လက်က စစ်ရှောင် ၁၀၀ ကျော်ကို ဆေးဝါးကုသပေးပြီး အဝတ်အထည်ထောက်ပံ့

0 5
0 5

◼ စစ်ဘေးရှောင်ထောင်ချီ ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်နေ

ဝက်လက်၊ နိုဝင်ဘာ ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၁၀၀ ကျော်အတွက် လူငယ်လွတ်မြောက်ရေး အဖွဲ့ချုပ် – YLA က ဆေးဝါးကုသမှုပေးပြီး အဝတ်အထည်တွေ ကူညီထောက်ပံ့ခဲ့တယ်လို့ YLA အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ဝက်လက်မြို့နယ်မှာ နိုဝင်ဘာလအစောပိုင်းကစလို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ကျေးရွာ ၁၉ ရွာကို မီးရှို့ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဝက်လက်မြို့နယ်ထဲက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတာပါ။

“ခုတခေါက်ကတော့ အိမ်ထောင်စုရေနဲ့မသိရပေမယ့် လူ ၁၀၀ နီးပါးထိ ကူပေးနိုင်ခဲ့ပါတယ်။ အဓိကလိုအပ်ချက်ကတော့ စားနပ်ရိက္ခာနဲ့ဆေးဝါးပါ။ နေတာက အဆင်ပြေသလိုနေလို့ရပေမယ့် အရေးပေါ်တိမ်းရှောင်လာရတော့ စားနပ်ရိက္ခာလိုအပ်နေတာတွေရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ခုချိန်မှာ အ၀တ်အစားအသုံးအဆောင်နဲ့ ဆေးဝါးကုသမှု‌ပဲ ကူနိုင်ပါသေးတယ်၊ စားနပ်ရိက္ခာအတွက်ကူနိုင်ဖို့ အထောက်အပံ့တွေလည်း လိုအပ်နေပါသေးတယ်။” လို့ ရဲဘော်အေကေက ဆိုပါတယ်။

ဝက်လက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း မူးကြီး၊တံတားဦး၊ ထုံးဘို၊ လိန်ပင်၊ ခေါတော၊ မြင်တော်၊ ဦးတည်ကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ ရွာသာကြီး၊ သရက်ကြီး၊ ဘုရားပျံ၊ ဥယျာဉ်မ၊ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာ၊ လှတော၊ ရွှေကျင်နဲ့ စိုင်နိုင်လေးကျေးရွာတွေကို မီးရှို့ခဲ့ပြီး ဒီကနေ့အထိ ဆက်လက်စစ်ကြောင်းထိုးနေဆဲလို့ သိရပါတယ်။

“စစ်ရှောင်တွေကရှောင်နေရတာက ကြာပြီခင်ဗျ။ ခုရက်ပိုင်းမှ ၀က်လက်မြို့ကနေ ပြန်ထွက်လာတဲ့ စစ်ကြောင်းက ရွှေဘို-မန္တလေးကားလမ်းမပေါ်က ဘုရားပျံကျေးရွာ၊ သရက်ကြီးကျေးရွာတွေကို မီးရှို့ ဖျက်ဆီးပြီး အဲ့ဒီကနေအရှေ့ဘက် ဆင့်ကွပ်ရွာအနောက်ဘက်ထိတက်လာပြီးတော့မှ တောင်ဘက်ကို ပြန်သွားပြီး ရွှေဘို-မန်းလေးကားလမ်းမပေါ်က ရွာတွေမှာ မွှေနှောက်နေကြတယ်။” လို့ YLA ဥက္ကဌ အေကေ က မြေလတ်အသံကို ပြောပါတယ်။

စစ်ကြောင်းကြောင့်တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေမှ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေလိုအပ်နေဆဲ ဖြစ်တယ်လို့ ဥက္ကဌ အေကေ က ဆက်ပြောပါတယ်။

အထက်ပါကျေးရွာတွေကို မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ လက်ရှိဘုရားပျံရွာနဲ့ ဆားတောင်မြို့ကြားမှာရှိနေပြီး ကားကွင်းလမ်းတွေ ထိပ်မှာပိတ်ကာ စခန်းချထားတယ်လို့လည်း သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။