နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးလ် (အားကစားသတင်း)

0 16
0 16

မြေလတ်အသံ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။

ဒီနေ့ညယှဉ်ပြိုင်ကစားနေတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက နော်တင်ဟမ်ဖောရက်စ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူးလ်က ဆိုဘော့ဇ်လိုင်းကို ညာနောက်ခံလူအဖြစ် ပွဲထွက်ခဲ့ပြီး ဂက်ပို၊ အီဆက်၊ ဆာလာ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ကာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းအထိ ရယူထားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေတော့ ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

ပထမပိုင်း ၃၃ မိနစ်မှာ ဖောရက်စ်ရဲ့ တလုံးတည်းသော ထောင့်ကန်ဘောကနေ နောက်ခံလူ မူရီလို က အပြင်းကန်သွင်းပြီး ဖောရက်စ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှု ၁၀ ကြိမ်အထိရှိခဲ့တဲ့ လီဗာပူးလ်ကတော့ သွင်းဂိုးမရရှိခဲ့လို့ ပထမပိုင်းကို ၀-၁ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းစစချင်းမှာပဲ ဖောရက်စ်အတွက် ဒုတိယသွင်းဂိုးကို နောက်ခံလူ ဆဗွန်နာက ထပ်မံသွင်းယူခဲ့လို့ လီဗာပူးလ်အတွက် ပိုမိုခက်ခဲလာခဲ့ပြီး ပွဲကစားချိန် ၇၈ မိနစ်မှာ ဂစ်ဘ်ဝှိုက်ရဲ့ သွင်းဂိုးကို ထပ်မံခွင့်ပြုခဲ့ပြီးတဲ့နောက် လီဗာပူးလ်အသင်း ပြန်မလာနိုင်တော့ဘဲ ၀-၃ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပါ။

ဒဏ်ရာရကစားသမားအချို့ရှိနေပေမယ့် နည်းပြ အာနေးဆလော့အနေနဲ့ အကောင်းဆုံးလူစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပြီး အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာဟာ ချန်ပီယံပြေးလမ်းပေါ်ပြန်တက်ဖို့ ကြိုးစားနေတဲ့လီဗာပူးလ်အတွက် ပိုမိုခက်ခဲတဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။

မန်စီးတီးနဲ့ ဖောရက်စ်တို့ကို ၂ ပွဲဆက် ၃ ဂိုးပြတ်ရှုံးခဲ့တဲ့ လီဗာပူးလ်ဟာ လက်ရှိမှာ အဆင့် ၁၁ အထိ (ယာယီ)ရောက်ရှိသွားခဲ့ပြီး အန်ဖီးလ်မှာ နိုင်ပွဲရှာဖွေခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ကတော့ အဆင့် ၁၆ နေရာမှာ (ယာယီ) ရပ်တည်နေပါတယ်။

ဒါ့အပြင် စနေနေ့ည အခြားသောပွဲစဉ်တွေမှာတော့ ချဲလ်ဆီး၊ ဘရိုက်တန်၊ ဖူလ်ဟမ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အနိုင်ရရှိခဲ့ကြပြီး ဘုန်းမောက်နဲ့ဝက်ဟမ်းကတော့ ၂ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။