◼ ထွက်မပြေးနိုင်တဲ့ သက်ကြီးပိုင်း သံဃာ ၁ ပါးမီးထဲပါပျံလွန်
တောင်သာ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်တိုကျေးရွာကို စစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုး မီးရှို့လို့ နေအိမ် ၅၀ ခန့်ပျက်စီးပြီး သံဃာ ၁ ပါးလည်း မီးထဲပါ ပျံလွန်တော်မူခဲ့တယ်လို့ ကျေးရွာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့လယ် ၂ နာရီကျော်ခန့်မှာ တောင်သာမြို့ကနေလာတဲ့ စစ်ကော်မရှင် ပူးပေါင်း အင်အား ၃၀၀ ခန့်ဟာ စစ်ကြောင်း ၃ ကြောင်းခွဲပြီးနောက် ညောင်တိုကျေးရွာထဲကို ၁ ကြောင်း ဝင်ပြီးမီးရှို့ခဲ့ကာ နောက်ထပ် စစ်ကြောင်း ၂ ခုက ကျေးရွာအနီးရှိ ဒေသခံကာကွယ်ရေးတပ်တခုရဲ့ ဂိတ်စခန်းကိုမီးရှို့သွားတယ်လို့ ဆိုပါတယ်။



“ဘုန်းကြီးက အသက်ကြီးနေ မသွားနိုင်တော့ စစ်ရှောင်တွေကလည်း ဘုန်းကြီးကို သတိမေ့သွားကြတာဆိုတော့ မီးထဲပါသွားတဲ့သဘောပါ။ ဂိတ်မှာရဲဘော်တွေကျတာမရှိဘူး။ ဂိတ်ကိုက မီးရှို့သွားတာ။ အိမ်က ၅၀ လောက်ကုန်သွားတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
မီးရှို့ချိန်ထွက်မပြေးနိုင်တဲ့ သက်တော် ၈၀ ကျော်သံဃာ ၁ ပါးမီးထဲပါ ပျံလွန်တော်မူခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်ဒီကနေ့မှာလည်း မြေဖြူကုန်းရွာဘက်ကိုစစ်ကြောင်းဆက်ထိုးနေလို့ အိမ်ခြေ ၂၀၀ ကနေ ၄၀၀ ကြားရှိတဲ့ ညောင်တို၊ မြေဖြူကုန်း၊ ဆည်ကုန်း၊ ချောင်းနားရွာတွေအပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၅,၀၀၀ ဝန်းကျင်လည်း ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။


စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ညောင်တိုကျေးရွာအနီး တောင်သာ-ငါ့သရောက် လမ်းပေါ်က တောင်သာမြို့နယ်ပကဖ ဂိတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားကြပြီး သက်ဆိုင်တပ်ဖွဲ့တွေဘက်ကတော့ တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်ကလည်း တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာက စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်ပြီး နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။


ပုံ – စစ်ကောင်ကော်မရှင်တယ်လီဂရမ်။
သတင်း – ကျော်ကြီး၊ စာတည်း – လင်း