ရေတာရှည်ပကဖကို ထောက်ပံ့နေတဲ့ ထောက်ပို့အမျိုးသမီး အသတ်ခံရမှု ပဲခူးတိုင်းစစ်ဒေသကို တိုင်ကြားထား

0 98
0 98

ရေတာရှည်၊ နိုဝင်ဘာ ၂၀၊ ၂၀၂၅။

ပဲခူးတိုင်းအရှေ့ခြမ်း ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ကို ထောက်ပံ့ပေးနေတဲ့ ထောက်ပို့အမျိုးသမီးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အသတ်ခံရသူမှာ လယ်ပြင်မကျေးရွာ၊ ကိုးပင်-သာဂရလမ်းပိုင်းမိုင်တိုင် ၃၂ အနီးနေ ကုန်စုံဆိုင်နဲ့ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ အသက် ၅၀ နှစ်ဝန်းကျင်ရှိ ဒေါ်ဆန်းမြင့်ဆိုသူအမျိုးသမီးဖြစ်ပြီး နိုဝင်ဘာ ၄ ရက် ည ၉ နာရီခန့်မှာ ၎င်းနေအိမ်ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ကြက်သွန် ဦးစီးအင်အား ၁၀ ဦးကျော်က ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

” ဒေါ်ဆန်းမြင့်က အဲ့ဒီလမ်းမဘေးမှာ အိမ် ၂ လုံးနဲ့ သူတို့တအိမ် ကပ်လျက်မှာ သားတွေက တအိမ်အဲ့လိုနေတာ။ ပထမကအိမ်ကိုလေထိုးပိုက်ခဏငှားပါအုန်းဆိုပြီးတံခါးခေါက်တယ်တဲ့၊ ကလေးတွေက မထူးတော့ အိမ်ရှင်တို့ဆိုပြီးထပ်ခေါ်ပြီးမှ ခြံစည်းရိုးတွေဖြဲကားကျော်တက်ဝင်လာပြီး အကုန်ဒူးထောက်၊ လက်မြှောက်၊ ဝမ်းလျားမှောက်ထားဆိုပြီး ဒေါ်ဆန်းမြင့်ပါ ၃ ဦးကို ကောင်းထိုက်ဆိုင်ဘက်ကို ခေါ်ထုတ်သွားတာ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့မိသားစုနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

အခင်းဖြစ်ပွားချိန်မှာနေအိမ်တွင်းမိသားစုဝင် ၆ ဦးရှိနေပြီး အဲ့ဒီထဲကဒေါ်ဆန်းမြင့်နဲ့အတူ အမျိုးသားဖြစ်သူ ဦးဝင်းသန်း၊ သားမက်ဖြစ်သူ တင်ထူးတို့ ၃ ဦးကို အထက်ပါတပ်ဖွဲ့ဝင်တွေက ပေ ၁၀၀ ခန့်အကွာရှိ ကောင်းထိုက်စျေးဆိုင်ဆီကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

” ဦးကြက်သွန်က ဆန်းမြင့်ဆိုတာနင်လားလို့မေးတယ်။ (ဒေါ်ဆန်းမြင့်က)ဟုတ်တယ် ကျွန်မပဲလို့ ပြန်ဖြေတယ်။ ဒေါ်ဆန်းမြင့်ကယဥ်ယဥ်ကျေးကျေးပဲပြန်ဖြေတယ်။ နင်က ပကဖထောက်ပို့လား ဆိုပြီးမေးတယ်။ ဟုတ်တယ် ကျွန်မက ပကဖထောက်ပို့ပါဆိုပြီးဖြေတယ်။ နင်တို့ အဲ့ကိစ္စတွေရှင်းဖို့လာတာဆိုပြီး ကြက်သွန်ကပြောတယ်။ ပြီးတော့လူခွဲမယ်ဆိုပြီး ဒေါ်ဆန်းမြင့်ကိုခေါ်သွားတာ” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီနောက် ဒေါ်ဆန်းမြင့်တဦးတည်းကို သီးခြားဆက်လက်ချုပ်နှောင်ထားပြီး အမျိုးသားနဲ့သားမက်ဖြစ်သူအပါ ၎င်းတို့နေအိမ် ၂ ခုက မိသားစုဝင် ၁၀ ဦးကျော်ကို ကားလမ်းမဘေးတောတွင်းကနေအိမ်တခုမှာ ဆက်လက်ဖမ်းဆီးထားကာ နေအိမ်တွင်း ငွေနဲ့အဖိုးတန်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၅ ရက်မှာသီးခြားဖမ်းဆီးထားတဲ့ ဒေါ်ဆန်းမြင့်နဲ့တွေ့ခွင့်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုရာမှာ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်တင့်ကား ဆိုသူက ဒေါ်ဆန်းမြင့်ကို သတ်လိုက်ပြီးဖြစ်ကြောင်းပြောဆိုခဲ့ကာ မိသားစုဝင်အားလုံးကိုလက်ရှိနေအိမ်တွေအပါ ကိုးပင်-သာဂရအပိုင် ၁၅ မိုင်အတွင်း ဆက်မနေကြဖို့ပြောဆိုကာ ပြန်လွှတ်ပေးခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးလာကြရတယ်လို့ ဆိုပါတယ်။

” တင့်ကားဆိုသူပြောတာက ကလေးတွေတော့ ကယ်လို့ရမယ်။ ဒေါ်ဆန်းမြင့်ကိုတော့ မကယ်ပေးနိုင်တော့ဘူး။ ငါတို့သတ်ပစ်လိုက်ပြီ ဆိုပြီးပြောတယ်” လို့ ပြောပါတယ်။

ရေတာရှည်ပကဖအနေနဲ့ ဒေါ်ဆန်းမြင့် အသတ်ခံရတဲ့ဖြစ်စဥ်ကိုသိရှိထားပြီး ဒေါ်ဆန်းမြင့် ဟာ ၂၀၂၂ ကစတင်ကာတပ်ဖွဲ့အတွက် လစဥ်ငွေကျပ် ၁၀ သိန်းထောက်ပံ့တာအပြင် ရိက္ခာအတွက်ဆန်အိတ်၊ တပ်ဖွဲ့အသုံးပြုမယ့် ဆိုင်ကယ်၊ ဆေးဝါးတွေကို မကြာခဏထောက်ပံ့ပေးနေတာဖြစ်ပြီး ယခင်ကတည်းက NLD ပါတီဝန်းရံသူတဦးဖြစ်တယ်လို့ မြို့နယ်ပကဖဒုတာဝန်ခံက အတည်ပြုပြောပါတယ်။

” ဂုဏ်ပြုမှတ်တမ်းလွှာ တောင်းတာမျိုးတွေတော့ ဂုဏ်ပြုမှတ်တမ်းလွှာထုတ်ပေးရတာမျိုးတွေတော့ မရှိပါဘူး။ လျှို့ဝှက်သိပ်သည်းစွာ သူ့အနေနဲ့ ထောက်ပံ့တာမျိုးတွေတော့ ရှိခဲ့ဖူးတယ်။ အဲ့ဒီထောက်ပံ့တာတွေ အဓိက က သူ့အနေနဲ့ တိတိကျကျ တိတိပပနဲ့ထဲထဲဝင်ဝင် ထောက်ပံ့တာတွေကို ကျနော်တို့အနေနဲ့ မှတ်တမ်းမှတ်ရာတော့ လုပ်ထားတာတော့ ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

ပကဖထောက်ပို့ ဒေါ်ဆန်းမြင့်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ၃၅၀၁ တပ်ရင်း တပ်ခွဲ ၅ ဗိုလ်ကြက်သွန်အဖွဲ့ကို မြေလတ်အသံက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သတင်းတင်ပြချိန်အထိ ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ငူခရိုင် ၃၅၀၁ တပ်ရင်းကို ဆက်လက်မေးမြန်းရာမှာ တစုံတရာတုံ့ပြန်ပြောဆိုတာမရှိပါဘူး။

တပ်ရင်း ၃၅၀၁ နဲ့နီးစပ်သူတဦးကတော့ အခင်းဖြစ်ပွားခဲ့မှုမှန်ကန်ပြီး အသတ်ခံရသူအမျိုးသမီးဟာ စစ်တပ်ကို ထောက်ပံ့ပေးနေသူလို့ သတင်းတွေထွက်ပေါ်ထားတယ်လို့ ဆိုပါတယ်။

ဒေါ်စန်းမြင့်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီဝန်းရံသူအမာခံတဦးဖြစ်ပြီး စစ်တပ်ကို ထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ နားလည်မှုလွဲမှားခြင်းသာဖြစ်နိုင်တယ်လို့ ရေတာရှည်ပကဖဒုတာဝန်ခံက သုံးသပ်ပါတယ်။

” ကျနော်တို့နဲ့ စတင်သိကတည်းကိုက သူက ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းကိုက သူက NLD ဝန်းရံသူဖြစ်တယ်။ နောက်ပြီး ကျနော်တို့ ဒီပါတီတွေကို ထောက်ခံသူလည်း ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီစစ်တပ်နဲ့ပတ်သက်ပြီးတော့ ဒလန်လုပ်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ တိတိကျကျ ပြောလို့မရဘူး။ ဒီကာလက မလွတ်ကင်းတဲ့လူတွေဆိုလို့ရှိရင် လမ်းဘေးမှာနေတယ်ဆိုလို့ရှိရင် စစ်တပ်လာလည်း သူတို့အနေနဲ့ မဖြစ်မနေပေါင်းရတာမျိုးတွေလည်း ရှိရင် ရှိနိုင်တာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့အထင်လွဲတာလည်းဖြစ်နိုင်တာပဲ။ ဒီဒလန်လို့စွပ်စွဲမယ်ဆိုရင်တော့ စစ်ကောင်စီထောက်တိုင်ဒလန်အများစုက ကျနော်တို့တော်လှန်ရေးအင်အားစုဘက်ထဲကို ထောက်ပို့အနေနဲ့ ဝင်လာတယ်ဆိုလို့ရှိရင်တောင်မှ သူ့အနေနဲ့အဖိုးထိုက်အဖိုးတန်တွေနဲ့ အင်တိုက်အားတိုက်လှူဒါန်းတာမျိုးပြုလုပ်ခဲ့မှာ မဟုတ်ဘူးလို့ ကျနော်တို့အနေနဲ့ သုံးသပ်လို့ရပါတယ်”

ဒေါ်ဆန်းမြင့်အသတ်ခံရတာနဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ပဲခူးတိုင်းစစ်ဒေသထံ နိုဝင်ဘာ ၁၄ ရက်စွဲနဲ့ အီးမေလ်းကနေတဆင့် တိုင်စာပေးပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းစစ်ဒေသဘက်ကတော့ မိသားစုဝင်တွေပေးပို့ထားတယ်ဆိုတဲ့ တိုင်စာကို လက်ခံရရှိတာမရှိဘူးလို့ နိုဝင်ဘာ ၁၉ ရက်မှာ မြေလတ်အသံကို ဖြေကြားထားပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။