ရွှေဘို၊ နိုဝင်ဘာ ၁၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွေဘိုမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပြီး မင်္ဂလာဆောင်ပွဲတွေထဲအထိ လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကစတင်ပြီး စစ်ကော်မရှင်တပ်နဲ့ရဲပူးပေါင်းအင်အား ၃၀ ခန့်ဟာ ရွှေဘိုစျေးထိပ်၊ ကားဝန်းထိပ်၊ စစ်ကိုင်းမြို့ဘက်အထွက်မန္တလေး-ရွှေဘိုလမ်းပိုင်း၊ အထက ၁ ကျောင်းရှေ့၊ တောင်ငူနဂါးလမ်း၊ ရေဦးလမ်းပိုင်းတွေမှာ နေ့ရောညပါနေ့စဥ်စောင့်ဆိုင်းဖမ်းဆီးတာအပြင် ညပိုင်းတွေမှာ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေပြုလုပ်နေကာ တပတ်အတွင်း လူငယ် ၅၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
” လှည့်ပတ်ပြီးတော့ မသင်္ကာရင်ဆွဲသွားတာပဲ။ လက်ဖက်ရည်ဆိုင်မှာ၊ ညဘက်အိမ်ထဲဧည့်စာရင်းစစ်ရင်း လူငယ်တွေ့ရင်ခေါ်သွားတယ်။ ဒီရက်ပိုင်းအတွင်းမှာကိုလုပ်နေတာ” လို့ ရွှေဘိုမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ပူးပေါင်းတပ်တွေဟာ မြို့တွင်းရှိလူငယ်တွေထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်တွေနဲ့ မင်္ဂလာဆောင်ပွဲတွေအထိပါ လိုက်လံဖမ်းဆီးနေပြီး နိုဝင်ဘာ ၁၉ ရက် ဒီကနေ့မနက်ပိုင်းမှာ အမှတ် ၁ ဘူတာရပ်ကွက် အပိုင်း(က)မှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ပွဲတခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ လူငယ် ၅ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် ရွှေဘိုမြို့တွင်းမှာ လူငယ်နဲ့လူလတ်ပိုင်းအမျိုးသားတွေ အသွားအလာနည်းနေပြီး ကျေးရွာဘက်က လူငယ်အမျိုးသားတွေလည်း မြို့ပေါ် ကိုမလာရဲကြတော့ဘူးလို့ သိရပါတယ်။
ပေါ်တာဆွဲဖမ်းဆီးခံရသူတွေဟာ စစ်မှုထမ်းအသက်ကန့်သတ်ချက်အကျုံးဝင်တဲ့ အသက် ၁၈ ကနေ ၄၀ နှစ်ကြား အရွယ်တွေဖြစ်ပြီး ဖမ်းမိသူတွေကို ရွှေဘိုအခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ထိန်းသိမ်းထားရှိကာ အဲ့ဒီကတဆင့် ရဟတ်ယာဥ်တွေနဲ့ မုံရွာ နမခနဲ့ စစ်ကိုင်း တပ်မ ၃၃ ကို ပို့ဆောင်ဆေးစစ်တာတွေပြုလုပ်ပြီး စစ်သင်တန်းကျောင်းတွေကို ဆက်လက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက်က နိုင်ငံတဝှမ်းစစ်ကော်မရှင်တပ် စစ်သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁၉ ကို ဖွင့်လှစ်ခဲ့တယ်လို့ စစ်တပ်ထိန်းချုပ်မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
လစဥ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအပတ်စဥ်အသစ်တွေအတွက် လူလိုအပ်ချက်ပြည့်မှီနိုင်ရေး စစ်ကော်မရှင်တပ်က လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးတာအပြင် နေအိမ်တွေထဲအထိဝင်ရောက်ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေဆီဘက်ပြောင်းခိုလှုံလာတဲ့ စစ်မှုထမ်းစစ်သားအများစုက ပြောဆိုကြပါတယ်။
စစ်ကော်မရှင်တပ်က လူငယ်တွေကို ပေါ်တာဆွဲတာမှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွေက မြို့နယ်တွေကို အဓိကပစ်မှတ်ထားဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ