နတ်မောက်မှာ စစ်တပ်ကဗုံးကြဲလို့ အမျိုးသမီး ၁ ဦးအပါ ၃ ဦးသေဆုံး

0 11
0 11

မြေလတ်အသံ၊ နိုဝင်ဘာ ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်က ရွာတရွာကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၁၇ ရက်မနက် ၈ နာရီကျော်မှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တခုဆီက သိရပါတယ်။

နတ်မောက်မြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကြက်သောက်တွင်းကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးသီး ၂ လုံးကြဲချခဲ့တာလို့ဆိုပါတယ်။

“ဗုံးကရွာထဲကိုကျတာ။ နေအိမ်တွေပျက်စီးသွားတယ်။ ၃ယောက်က ပွဲချင်းပြီးကိုသေတာ၊ ၁၀ ယောက်လောက်ကတော့ ဒဏ်ရာရတယ်။ အဲ့ရွာအနီးနားတွေမှာ ဘာတိုက်ပွဲမှကိုမရှိတာ။ သပ်သပ်ကိုလာကြဲတာနေမှာ” လို့ နတ်မောက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

သေဆုံးသူ ၃ ဦးဟာ ကြက်သောက်တွင်းရွာမှ ကိုစိုးတင့် ၅၇ နှစ်၊ မမျိုးသီတာ ၃၇ နှစ်၊ ကိုဌေးလှိုင် ၃၂ နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀ ဦးထဲက ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ၃ ဦးကတော့ ကိုမြင့်ကို ၃၃ နှစ်၊ ကိုတက်တိုး ၄၈ နှစ်၊ မသီတာအေး ၂၂ နှစ်တို့ဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတော့ နိုဝင်ဘာ ၁၇ ရက်နေ့လယ် ၃ နာရီကျော်မှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရရှိသူတွေကို နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသမှုခံယူနိုင်ဖို့ ပို့ဆောင်ခဲ့ကြတယ်လို့ အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၃ ရက်ကလည်း နတ်မောက်မြို့နယ်၊ အရှေ့ခြမ်းရှိ စမ်းကုန်းကျေးရွာအနီး ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။