မြေလတ်အသံ၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းနဲ့ ပေါက်မြို့နယ်မြောက်ခြမ်းကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၁၇ ရက်ဒီမနက်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၃၀ ကျော်က ဒေသခံတွေထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြိုင်မြို့နယ်အခြေစိုက် စက်မှု ၂ ကနေ အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းက မြိုင်မြို့နယ် အနောက်ခြမ်းကတဆင့် ပေါက်မြို့နယ်ထဲကိုဝင်ရောက်နေပြီး နောက်ထပ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကလည်း ပေါက်မြို့နယ်မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
“မြိုင်စစ်ကြောင်းက ဒီကနေ့စထိုးတာ။ ပေါက်စစ်ကြောင်းကတော့ မနေ့က မြောက်ခြမ်းကိုစရောက်တာ။ ဒီမနက် ၁၀ နာရီကျော်မှာတော့ မြိုင်ကစစ်ကြောင်းက ပေါက်နယ်ကိုရောက်သွားတယ်။ ပေါက်နယ်၊ ချိုင်စောက်ရွာကိုပေါ့။ ပေါက်ကစစ်ကြောင်းနဲ့ပေါင်းပြီး စစ်ကြောင်းထိုးနေတာ”လို့ ပေါက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။


အခုလိုစစ်ကြောင်းထိုးနေတာကြောင့် မြိုင်မြို့နယ်အနောက်ခြမ်းက ကုန်းရွာ၊ ဆိတ်သာ၊ ဝါးရင်းချိုင်၊ ကျွဲတွင်း၊ တောင်ရိုးနဲ့ ပေါက်မြို့နယ်မြောက်ခြမ်းက ဆေးပင်ကြီး၊ ကမ္ဘားဖြူ၊ တဲကြီး၊ ကန်သစ်၊ ထန်းပေါက်ကုန်း အပါအဝင် ကျေးရွာ ၃၀ ကျော်က ဒေသခံ ၃ သောင်းနီးပါး ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
“ကပစ ၂၄ က ထိုးတဲ့စစ်ကြောင်းက ပေါက်နယ်အနောက်ပိုင်းက ထန်းပင်ချောင်းရွာမှာ ဝင်ရောက်၊ ရွှေဘုံသာ ပျူရွာကထွက်လာတဲ့စစ်ကြောင်းကပေါက် ချိုင်စောက်(အောက်စု)မှာပဲ ဆက်လက်တည်ရှိတယ်၊ မြိုင်စက်မှု ကထွက်လာတဲ့ စစ်ကြောင်းက ပေါက်နယ် ကမ္ဘားဖြူရွာ၊ ကန်သစ်ရွာ၊ ထန်းပေါက်ကုန်း (ဒေသအခေါ် ချောင်းခြောက်တော) သုံးရွာကြားတောကြားထဲမှာ ရောက်နေပါတယ်”လို့ ပေါက်မြို့နယ်ဒေသခံတဦးက ဆိုပါတယ်။
လက်ရှိ ပေါက်မြို့နယ်အတွင်းမှာ တမခ ၁၀၁၊ ကပစ ၂၁ နဲ့ ကပစ ၂၄ က စစ်ကော်မရှင်တပ်တွေ ပူးပေါင်းထားတဲ့ စုစုပေါင်းစစ်ကြောင်း ၃ ကြောင်းရောက်ရှိနေတာလို့ သိရပါတယ်။

စစ်ကြောင်းကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ဒေသခံတွေမှာလည်း တောတွေထဲမှာ ခိုလှုံနေကြရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်တွေနဲ့ အမိုးအကာတွေလိုအပ်နေကြတယ်လို့ အညာမြေတပ်ပေါင်းစုမှတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“စစ်ရှောင်တွေရဲ့အခက်အခဲကတော့ သူတို့ရဲ့စားရေးသောက်ရေးဖြစ်တယ်။ ရက်ရှည်မဟုတ်သေးတဲ့အတွက် စားရေး၊ သောက်ရေးအကြီးကျယ်မဟုတ်သေးဘူးပေါ့။ အဓိကအခက်အခဲဆိုရင်တော့ တော၊ တောင်တွေထဲမှာ တိမ်းရှောင်ရတဲ့အတွက် စိတ်ပင်ပန်းမှု၊ စိတ်ဒဏ်ရာတွေကတော့ အကြီးမားဆုံး ပြဿနာပေါ့။ ဆောင်းတွင်းဖြစ်တဲ့အတွက် ရာသီဥတုဒဏ်ကိုကောင်းကောင်းခံရတာ ကလေးငယ်တွေ၊ သက်ကြီး ရွယ်အိုတွေ ထိခိုက်လွယ်အုပ်စုတွေမှာ အဓိကပြဿနာဖြစ်တာပေါ့နော်”လို့ ဆိုပါတယ်။
မြိုင် စက်မှု ၂ ကထွက်လာတဲ့စစ်ကြောင်းဟာ အောက်တိုဘာ တတိယပတ်လောက်ကစတင်ပြီး ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာ ပျူစောထီးအားကောင်းတဲ့ သရက်ကန်ရွာကတဆင့် မြိုင်စက်မှု ၂ ကိုလာချိန် ရွာတန်းရှည်ကျေးရွာအနီးမှာ ဒေသခံ ၅ ဦးကိုဖမ်းဆီးခဲ့ပါသေးတယ်။
အဲ့ဒီနောက် နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ မြိုင်အခြေစိုက် စက်မှု ၂ ကနေထွက်လာပြီးနောက် ၃ မိုင်အကွာ ဝက်ပုတ်ရွာအနီးမှာ ဖမ်းဆီးခံထားရသူတွေထဲက အသက် ၃၄ နှစ်အရွယ် မငယ်တာနဲ့ ၄၉ နှစ်အရွယ် ကိုကံစိန်တို့ကိုသတ်ကာ နေအိမ် ၂ လုံးကိုလည်း မီးရှို့ပြီး စက်မှု ၂ ကိုပြန်ဝင်ပြီးနောက် တခုတကြိမ်ပြန်လည် စစ်ကြောင်းထွက်လာတာလည်း ဖြစ်ပါတယ်။
စာတည်း – လင်း