ခလရ ၂၅၆ က ဂိတ်စောင့်စစ်သား အတူနေတပ်ကြပ်ကြီးရဲ့လက်နက်ကိုပါယူပြီး ဘက်ပြောင်းလာ

0 12
0 12

ရေစကြို၊ နိုဝင်ဘာ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ခလရ ၂၅၆ တပ်က တပ်သား ၁ ဦး နိုဝင်ဘာ ၁၅ ရက်မှာ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

ဘက်ပြောင်းခိုလှုံလာသူဟာ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ တပ်က တပ်သားဟိန်းထက်လင်းဖြစ်ပြီး တပ်လုံခြုံရေးဂိတ်မှာတာဝန်ကျနေချိန်မှာ လက်နက်တွေယူပြီးထွက်ပြေးလာခဲ့တာလို့ ဆိုပါတယ်။

“သူတာဝန်ကျနေတဲ့အချိန်မှာ ခိုလှုံလာတာဖြစ်တယ်၊ သူကိုင်ဆောင်ထားတဲ့ MA 1 ၁ လက်ပါတယ်၊ ဘေးကလည်း လစ်တာနဲ့ သူနဲ့အတူတာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ၁ ဦးရဲ့ MA 3 ၁ လက်နဲ့ အားလုံးပေါင်း ၂ လက်ယူဆောင်ပြီး ဘက်ပြောင်းခိုလှုံလာတာ”လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တပ်သားဟိန်းထက်လင်းဟာ စစ်ကော်မရှင်တပ်ထဲကိုဝင်ရောက်ခဲ့တာ ၁ နှစ်ကျော်ရှိပြီး တပ်အတွင်းအနိုင်ကျင့်မှုတွေကြောင့် ခုလိုဘက်ပြောင်းခိုလှုံလာတာလို့ ဆိုပါတယ်။

“သူဘက်ပြောင်းခိုလှုံလာတဲ့ အကြောင်းကတော့ ကြီးနိုင်ငယ်ညှဥ်း ကြိမ်ဖန်များစွာခံရတဲ့ အချိန်မှာ တပ်ထဲမှာ မနေချင်တော့တဲ့အတွက် ဘက်ပြောင်းခိုလှုံလာတာလို့ ပြောတယ်။ ကျနော်တို့နဲ့ ဖုန်းအချိတ်အဆက်လုပ်ပြီးတော့ လွှတ်မြောက်တဲ့တနေရာကို ချိန်းဆိုပြီးတော့ သူလာတယ်။ သူလာတဲ့နေရာကို ကျနော်တို့သွားခေါ်တာ”လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေနတ်၂ လက်ယူဆောင်လာတာကြောင့် တပ်သားဟိန်းထက်လင်းကို ရေစကြို ပကဖ က ဆုကြေးငွေ ကျပ်သိန်း၅၀ ချီးမြှင့်ထားပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့လည်းဆိုပါတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ နိုဝင်ဘာ ၁၇ ရက်အထိ ရေစကြိုပကဖဆီကို ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်သား ၃၀ ဦးထက်မနည်းရှိပြီလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။