စစ်ကြောင်းထိုးတိုက်ပွဲဖြစ်နေတဲ့ ကလေးမြို့နယ်နဲ့ မြိုင်မှာ စစ်တပ်က ၂ ရက်ဆက် ဗုံးဒါဇင်နဲ့ချီကြဲချ

0 12
0 12

မြေလတ်အသံ၊ နိုဝင်ဘာ ၁၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်တို့ကို စစ်ကော်မရှင်တပ်က နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကော်မရှင်တပ်တို့တိုက်ပွဲတွေဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီစစ်စခန်းအနီးတဝိုက်ကို နိုဝင်ဘာ ၁၄ ရက်နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၂ လုံး Y12 နဲ့ ဗုံးအလုံးရေ ၃၀ ကျော်ကြဲချခဲ့ပြီး ထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းကကျေးရွာတွေကို စစ်ကော်မရှင်တပ်က အင်အားထောင်ကျော်နဲ့ စက်တင်ဘာ ၂၇ ရက်ကစတင်ဝင်ရောက်ကာ တပ်ဖြန့်စစ်ကြောင်းထိုးနေခဲ့ပြီး စစ်ကြောင်း ဝင်ရောက်ချိန်ကစလို့ နေ့စဉ်နီးပါတိုက်ပွဲသံတွေလဲကြားနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်မှာလည်း အဆိုပါစစ်ကော်မရှင်တပ်က နတ်ချောင်းရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသာ ၁ ဦးနဲ့အမျိုးသမီး ၂ ဦးအပါ ၄ ဦးကိုသတ်ဖြတ်ခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာလည်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးနဲ့ပစ်လို့ နတ်မြောင်းရွာကနေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

“တချို့က ဝက်စာကျွေး၊ ပစ္စည်းယူသွားကြတာ။ တလရ တပ်ဖွဲ့တွေကတားတယ်။ မရဘူး။ အခု တောင်ပိုင်းလည်း လက်လှမ်းမှီသလောက် လေးလောင်းတွေ့ထားပါတယ်။ သက်ကြီးပိုင်း ၅၀၊ ၆၀ ကြား နှစ်ယောက်ကို နတ်ချောင်းမှာသတ်ပီး ရေမြောင်းထဲ ပစ်ချထားတာ။”လို့ စစ်ရေးအခြေအနေကို သိရှိသူတဦးက ပြောပါတယ်။

စစ်ကြောင်းဝင်ရောက်လာစဉ်ကနေ နေ့စဥ်နီးပါးတိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ ကလေးမြို့နယ်ဆေးရုံမှာလည်း ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည့်နေပြီး အရှင်ဖမ်းမိထားသူတွေလည်းရှိကာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း သေဆုံးနဲ့ထိခိုက်တွေရှိတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်မြောက်ပိုင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမအပတ်ကတည်းက ဝင်ရောက်နေတဲ့ စစ်ကြောင်းတွေဟာ စက်တင်ဘာ ၂၇ ရက်ကစတင်ကာ ကလေးမြို့နယ်တောင်ပိုင်းကို ဝင်ရောက်ခဲ့လို့ ကလေးမြို့နယ်မှာ စုစုပေါင်း ပြည်သူတသိန်းနီးပါး စစ်ရှောင်တိမ်းနေကြရတာတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

အလားတူ နိုဝင်ဘာ ၁၃ ရက်ည ၈ နာရီဝန်းကျင်မှာ မြိုင်စက်မှု ၂ အနီးရှိ ကုန်းရွာထဲကို ပါရာမော်တာ ၂ စီးနဲ့ ဗုံး ၂ လုံး၊ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ ကုန်းရွာအနီးတဝိုက်ကို ဗုံး ၄ လုံးကြဲချခဲ့တဲ့အပြင် နေ့လယ် ၃ နာရီဝန်းကျင်မှာလည်း မြိုင်မြို့နယ်အနောက်တောင်ဘက်၊ ဝယ်တောင်(မြောက်)ရွာ အနီးတဝိုက်ကို ဂျက်ဖိုက်တာပေါ်ကနေ စက်သေနတ်တွေပစ်ခတ်ခဲ့တာပါ။

“မြိုင်စက်မှု ပတ်ဝန်းကျင်တွေကိုကြဲသွားတာပါ။ ပါရာမော်တာနှစ်စီးနဲ့ လေးကြိမ်ကြဲသွားတာပါ။” လို့ အညာမြေတပ်ပေါင်းစုရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ဒီဗုံးကြဲပစ်ခတ်ခဲ့တဲ့နေရာတွေဟာ ရွာအပြင်ဘက်နေရာတွေဖြစ်တာကြောင့် ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘဲ စစ်ကြောင်းရောက်ရှိနေတဲ့အတွက်ကြောင့် ခုလိုဗုံးဆက်တိုက်ကြဲတာဖြစ်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

မြိုင်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကမကြာခဏရှိနေပြီး နိုဝင်ဘာလထဲမှာတော့ စစ်ကြောင်းကြောင့် နေ့ရောညပါ ဗုံးကြဲချလာနေတယ်လို့ သိရပါတယ်။

“ကျနော်တို့နယ်တွေမှာ လေကြောင်းက တလျှောက်လုံးကြဲနေတာပါ အခုနောက်ပိုင်းဂျက်ဖိုက်တာတွေနဲ့ မကြဲတော့ပဲ ပါရာမော်တာတွေ ဂျိုင်ရိုကော်ပတာတွေ နဲ့အဓိက ကြဲနေတာပါ “လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်ဒီနေ့လယ် ၁၂ နာရီခွဲဝန်းကျင်းမှာလည်း မြိုင်စက်မှု ၂ ထဲက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအတွက် Y8 နဲ့ ရိက္ခာတွေလာချနေတယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

အောက်တိုဘာတတိယပတ်လောက်ကစလို့ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှို့ပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အင်အား ၂၀၀ ခန့်ပါစစ်ကြောင်းဟာ နိုဝင်ဘာ ၁၅ ရက် ဒီကနေ့အထိ မြိုင် စက်မှု ၂ ထဲမှာတပ်စွဲနေထိုင်နေတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။