ရွှေဘို၊ နိုဝင်ဘာ ၁၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာအနီးမှာ ဖမ်းဆီးခံရတဲ့ ဆရာတော် ၁ ပါးအပါ ၃ ဦး ၁၀ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ ဖမ်းဆီးခံဆရာတော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၅ ရက်မှာ ရွှေဘိုမြို့၊ မြတောင်ရပ်ကွက်ရှိ မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်တည်ထောင်သူ ဆရာတော်ဒေါက်တာဝိသုတနဲ့အတူ ကိုရင်ကြီး ၁ ပါး၊ အမျိုးသမီး ၁ ဦးတို့ဟာ ရွှေဘိုကနေ ရန်ကုန်ကို ကားနဲ့အသွားမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
“ဆရာတော်နဲ့အဆက်အသွယ်မရပါ၊ ဖုန်းလည်း ပြောလို့မရပါ။ လူဝတ်လဲလိုက်ပြီလို့တော့ သိရတယ်။ စစ်ဆေးမေးမြန်းဆဲလို့ သိရပါတယ်။ ဘယ်မှာဖမ်းထားတယ်လို့တော့ တိတိကျကျ မပြောပါဘူး။ သူတို့ ဖမ်းရမယ့် list ထဲ ဆရာတော်ပါတယ်လို့ ပြောပါတယ်။ တပ်နဲ့ပတ်သက်တာ အဲ့လိုမျိုးတော့ မရှိပါဘူး။ ဆရာတော် ရွှေဘိုက သူ့ကျောင်းမှာ ဘုရားထီးတင်ရှိလို့ အိန္ဒိယကနေ ခဏပြန်ကြွလာတာ၊ အဲ့မှာ ဖမ်းခံရတာပါပဲ”လို့ ဖမ်းဆီးခံဆရာတော်နဲ့နီးစပ်သူ သံဃာတပါးကမိန့်ပါတယ်။
ဒီဖမ်ဆီးမှုကို ရွှေဘိုမြို့နယ်ပကဖ ကလုပ်ဆောင်တာလို့ အထက်ပါသံဃာကမိန့်ထားပြီး ဒီအခြေအနေနဲ့ ပတ်သက်လို့ မြို့နယ်ပကဖကို မြေလတ်အသံကဆက်သွယ်မေးမြန်းခဲ့ပေမယ့် အသေးစိတ်ပြန်လည် ဖြေကြားတာမရှိပါဘူး။
ဖမ်းဆီးခံဆရာတော်ကို ရွှေဘိုပကဖ က ပျူစောထီးဘုန်းကြီးဟုသတ်မှတ်ကာ ဖမ်းဝရမ်းထုတ်တားတာလည်းရှိတယ်လို့ အထက်ပါသံဃာက မိန့်ပါတယ်။
ဆရာတော်ဟာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာရှိ ဝင်းဝင်းနို့ဆီကျောင်းတိုက်တည်ထောင်သူလည်းဖြစ်ကာ ၎င်းထူထောင်ထားတဲ့ ရွှေဘိုမြို့၊ မြတောင်ရပ်ကွက်ရှိ မဟာဝိသုတာရာမ ဗုဒ္ဓဂယာကျောင်းတိုက်မှာလည်း ပညာရေးစင်တာတခုကို အခမဲ့ဖွင့်လှစ်ပေးကာ ရွှေဘိုဒေသတဝိုက်က ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထ ပညာသင်ကြားပေးနေတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတာ ရက်ကြာလာတဲ့အပြင် သတင်းထပ်မရတာကြောင့် အသက်ရှင်လျက်မရှိမှာကို ဆရာတော်နဲ့နီးစပ်သူတွေက စိုးရိမ်နေကြကာ ဒီဖမ်းဆီးထားမှုနဲ့ပတ်သက်ပြီးလည်း သက်ဆိုင်ရာအဖွဲ့တွေဘက်က ဒီကနေ့အထိ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။
စာတည်း – လင်း