မြိုင်၊ နိုဝင်ဘာ ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ဒေသခံ ၅ ဦးထဲက ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်တချို့ကိုလည်းမီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းမှာ မြိုင်အခြေစိုက် စက်မှု ၂ ကနေထွက်လာပြီးနောက် ၃ မိုင်အကွာ ဝက်ပုတ်ရွာအနီးမှာ ဖမ်းဆီးခံထားရသူတွေထဲက အသက် ၃၄ နှစ်အရွယ် မငယ်တာနဲ့ ၄၉ နှစ်အရွယ် ကိုကံစိန်တို့ကိုသတ်ကာ နေအိမ် ၂ လုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကြောင်းပြန်ဆုတ်သွားချိန် နေ့လယ် ၁၁ နာရီလောက်မှာ ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ ကြိုးတုပ်၊ ဓါးနဲ့မွှန်းခံထားရတဲ့ အလောင်းတွေကိုတွေ့ခဲ့တာလို့ ကိုဘိုဘိုသန့်ဇင် က ပြောပါတယ်။

“မနေ့တုန်းက သူတို့ ၉ နာရီလောက်က ဝက်ပုတ်ထဲကိုရောက်လာပြီးတော့ နေ့လယ် ၁ နာရီလောက်မှာ ပြန်ပြီး Back (နောက်ဆုတ်) သွားပါတယ်။ ကျနော်တို့ နယ်မြေရှင်းလင်းရေးဝင်လုပ်ခါမှ သူတို့က အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၁ ယောက်ကိုသတ်ဖြတ်ခဲ့ပြီးတော့ နေအိမ် ၂ လုံးကို မီးရှို့ထားခဲ့တာပေါ့။” လို့ အညာမြေတပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
ဝက်ပုတ်ကျေးရွာဟာ အိမ်ခြေ ၁၆၀ ခန့်ရှိတဲ့ ပျူစောထီးအားကောင်းတဲ့ကျေးရွာဖြစ်ပြီး ၂၀၂၄ ဩဂုတ် ၈ ရက်မှာ အညာမြေတပ်ပေါင်းစုနဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်ထားပြီးနောက် ဒေသခံတွေဆီ ပြန်လည်အပ်နှင်းထားတဲ့ကျေးရွာဖြစ်တယ်လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“တော်လှန်ရေးစကတည်းကနေ ၂၀၂၄ ဩဂုတ်လအထိ ပျူစောထီးတွေနေထိုင်ခဲ့တယ်။ စစ်တပ်နဲ့ အထိုင်ချပြီး (အခုအခြေအနေက)ပြည်သူရွာပြန်ဖြစ်သွားတာ။ ပျူစောထီးတွေက စစ်တပ်ထဲ လိုက်သွားတာရှိတယ်၊ သေတဲ့လူတွေကသေကြတယ်ပေါ့ “လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ အောက်တိုဘာ တတိယပတ်လောက်ကစတင်ပြီး ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ပြီးနောက် နိုဝင်ဘာ ၁၁ ရက်မှာ ပျူစောထီးအားကောင်းတဲ့ သရက်ကန်ရွာကတဆင့် မြိုင်စက်မှု ၂ ကိုလာချိန် ရွာတန်းရှည်ကျေးရွာအနီးမှာ အသတ်ခံရသူ ၂ ဦးအပါအဝင် ရွာတန်းရှည်ရွာဒေသခံ ၅ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။
ဒါ့အပြင် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုဖြစ်ခဲ့ကာ တိုက်ပွဲအခြေအနေကို အသေးစိတ်မသိရသေးဘဲ နိုဝင်ဘာ ၁၃ ရက်ဒီမနက်ထိတော့ စစ်ကြောင်းက စက်မှု ၂ ထဲမှာပဲရှိနေသေးတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးနေစဥ် ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက်မှာလည်း မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၀ ကျော်၊ နိုဝင်ဘာ ၁၁ ရက်မှာ ရွာတန်းရှည် အနီးကတောတိုက် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
စစ်ကြောင်းကြောင့် မြိုင်မြို့နယ်အတွင်းရှိ ဝက်ပုတ်၊ချောင်းနားတိုက်၊ ဆယ်ပြား၊ ရွာတန်းရှည်၊ မိတ္ထီလာ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စာတည်း – လင်း