မြေလတ်အသံ၊ နိုဝင်ဘာ ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ပေါက်မြို့နယ်အတွင်းရောက်ရှိနေတဲ့ စစ်ကြောင်းတွေကနေ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး ဒေသခံကာကွယ်ရေးတပ်တွေဆီဘက်ပြောင်းလာတယ်လို့ သက်ဆိုင်ရာတပ်ဖွဲ့တွေဆီက သိရပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ဝက်မှေးကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့စစ်ကြောင်းက အသက် ၃၁ အရွယ် စစ်ကော်မရှင်တပ်သား ၁ ဦး နိုဝင်ဘာ ၉ ရက်မှာ မြို့နယ်၊ ရပ်ကျေးပကဖအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဘက်ပြောင်းလာခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်ပကဖရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
“ရပ်ကျေးပကဖတွေနဲ့ ချိတ်ဆက်ပြီးဝင်လာတာပါ။ စစ်ကြောင်းရောက်တာကတော့ ၁ လနီးပါး ရှိနေပြီ။ ဝက်မှေး၊ ကံတောမှာတော့ စစ်ကူဆိုပြီးပို့လိုက်တာ ၁၀ ရက်ကျော်ခန့် ရှိနေပြီလို့ သိရတယ်”လို့ ဆိုပါတယ်။
ဘက်ပြောင်းလာချိန် ကျည်ဘောက် ၂ ခု၊ ကျည်တောင့် ၁၈၀ ယူလာပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ကော်မရှင်ကိုဆက်လက်တော်လှန်သွားမယ်လို့ ပြောဆိုကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ ဆားလင်းကြီး ပကဖဆီကို ဘက်ပြောင်းလာတဲ့ စစ်သားနဲ့ရဲ စုစုပေါင်း ၂၀ ဦးရှိပြီလို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၁ ရက်နဲ့ နိုဝင်ဘာ ၆ ရက်မှာလည်း ပေါက်မြို့နယ်အတွင်းရောက်နေတဲ့ စစ်ကော်မရှင်စစ်ကြောင်းကနေ တပ်သား ၃ ဦးဘက်ပြောင်းလာခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ဒီတိုင်းတွေ့တာပါ ကျနော်တို့ မြို့နယ် ပကဖ မှာ ၃ ယောက်ရှိပါပြီ၊ အလင်းဝင်ထားတဲ့သူတွေကို ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဘဲ စောင့်ကြည့်ပုံစံမျိုးနဲ့ ကောင်းကောင်းမွန်မွန် ကျွေးမွေးအနားယူခိုင်းထားပါတယ်ခင်ဗျ။ စိတ်ချရတဲ့အချိန်တခုရောက်ရင်တော့ သူတို့ဆန္ဒအတိုင်းလုပ်ပေးနိုင် မလုပ်ပေးနိုင်တာကို တိုင်ပင်ပြီးဆက်လက်လုပ်ဆောင်ပေးမှာပါ” လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁ ရက်မှာ ခမရ ၁၀၉ လက်အောက်ခံ တပ်သား ၁ ဦးနဲ့ ခမရ ၄၁၉ လက်အောက်ခံတပ်သား ၁ ဦးတို့ဟာ လက်နက်ခဲယမ်းတွေနဲ့ စစ်ကြောင်းကနေထွက်ပြေးပြီးဘက်ပြောင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလာစဥ် ၎င်းတို့မှာ RPG ၁ လက်၊ အဖူး ၄ ဖူး၊ MA 4 ၁ လက်၊ ၄၀ မမ ၁၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၀၀ ထောင့် G3 ကျည် ၁၉ ထောင့်ပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၆ ရက်မှာလည်း ခမရ ၁၄ က စစ်ကော်မရှင်တပ်သား ၁ ဦး၊ MA 1 ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ 5.56 ကျည် ၁၀၀၊ အီနာဂါ ၁ လုံး၊ လက်ပစ် ၁ လုံးနဲ့ RPG ၁ ဖူးနဲ့အတူ ဘက်ပြောင်းလာခဲ့တာလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူ ကပြောပါတယ်။
“သူက စစ်ကြောင်းအတွင်းကနေထွက်ပြေးလာပြီး ကျနော်တို့ နယ်မြေခံ ပကဖ တွေက တွေ့ရှိခဲ့တာပါ။ တွေ့တွေ့ချင်းမှာလည်း သူက ကျနော်တို့ဘက်ကို အလင်းဝင်ဖို့ ပြေးလာတာပါလို့ ပြောပါတယ်”လို့ ဆိုပါတယ်။
ပေါက်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကော်မရှင်တပ်က ဆက်တိုက်ဆိုသလိုစစ်ကြောင်းထိုးနေပြီး ဒေသခံတွေအနေနဲ့လည်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကို သတိထားကြဖို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားပါတယ်။
စာတည်း – လင်း