ပြည်တွင်းအခြေအနေတွေအရ လေယာဉ်တွေ မရှိမဖြစ်လိုအပ်နေတယ်လို့ စစ်ခေါင်းဆောင်ပြော

0 8
0 8

မြေလတ်အသံ၊ နိုဝင်ဘာ ၉၊ ၂၀၂၅။

လေယာဥ်၊ ရဟတ်ယာဥ်တွေနဲ့ ဒရုန်းတွေ UAV တွေအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်တွေဟာ မရှိမဖြစ်လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

စစ်ကော်မရှင်တပ်ကို တပ်တော်ဝင်လာတဲ့ သယ်ယူပို့ဆောင်ရေး လေယာဥ်၊ ရဟတ်ယာဥ် ၅ စီး ထုတ်ဖော်ပြသမှုကို နိုဝင်ဘာ ၇ ရက် မနေ့က နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားရာမှာ စစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။

” လတ်တလောကာလ နိုင်ငံတကာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများသာမက ပြည်တွင်းမှာ ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေအရပ်ရပ်များမှာ လေယာဥ်၊ ရဟတ်ယာဥ်များ၊ ဒရုန်းနဲ့ UAV များအပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်များဟာ မရှိမဖြစ်လိုအပ်လာသည်ကို တွေ့ရှိရကြောင်း” လို့ ပြောပါတယ်။

ပုံစာ – နိုဝင်ဘာ ၇ ရက်က နေပြည်တော်တွင်ကျင်းပသည့် စစ်ကော်မရှင်လေတပ် ရဟတ်ယာဉ်နှင့်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားမှ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။

စစ်ကော်မရှင်တပ်ကို Y-8 သယ်ယူပို့ဆောင်ရေးလေယာဥ် ၂ စီးနဲ့ Mi-38 ရဟတ်ယာဥ် ၃ စီး စုစုပါင်း ၅ စီး တပ်တော်ဝင်လာကြောင်း သတင်းထုတ်ပြန်လာတာပါ။

တရုတ်နိုင်ငံထုတ် Y-8 လေယာဥ်တွေဟာ သယ်ယူပို့ဆောင်ရေးလေယာဥ်တွေဖြစ်ပေမယ့် လက်ရှိမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေမှာပါ ထည့်သွင်းအသုံးပြုနေတာပါ။

Mi-38 ရဟတ်ယာဥ်တွေဟာ ရုရှားနိုင်ငံထုတ် ဘက်စုံသုံးရဟတ်ယာဥ်တွေဖြစ်ပြီး ယခင်က စစ်ကော်မရှင်တပ်မှာ အသုံးပြုခဲ့တာမရှိဘူးလို့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော် က ပြောပါတယ်။

ပုံစာ – နိုဝင်ဘာ ၇ ရက်က နေပြည်တော်တွင်ကျင်းပသည့် စစ်ကော်မရှင်လေတပ် ရဟတ်ယာဉ်နှင့်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားမှ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။

” လက်ရှိသုံးနေတဲ့ Mi-17 တွေထက် အကြမ်းဖျင်း ၂ ဆ ပိုသယ်နိုင်မှာဆိုတော့ လူနာကောက်၊ ရိက္ခာပို့၊ ခဲယမ်းပို့၊ ခြင်းကျားတောင်းပို့ဖို့ အဓိက သုံးမှာပေါ့” လို့ ဆိုပါတယ်။

စစ်ကော်မရှင်အနေနဲ့ရွေးကောက်ပွဲပြုလုပ်ပြီးရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့ အစိုးရကိုအာဏာလွှဲအပ်ဖို့ ကြိုးပမ်းနေပေမယ့် ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့အနေနဲ့ ရွေးကောက်ပွဲပျက်ပြားအောင် နည်းမျိုးစုံနဲ့လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် ၎င်းတို့စစ်ကော်မရှင်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုညွှန်းဆိုပြီး အရေးနိမ့်နေပြီလို့ သူက ပြောပါတယ်။

ပုံစာ – နိုဝင်ဘာ ၇ ရက်က နေပြည်တော်တွင်ကျင်းပသည့် စစ်ကော်မရှင်လေတပ် ရဟတ်ယာဉ်နှင့်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားမှ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။

” ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့ဟာ ၎င်းတို့လိုလားချက်အတိုင်းမဟုတ်တဲ့အတွက် ရွေးကောက်ပွဲမဖြစ်မြောက်စေရန်ပျက်ပြားစေရန် နည်းလမ်းပေါင်းစုံဖြင့် စွက်ဖက်လုပ်ဆောင် ဟန့်တားလျက်ရှိကြောင်း၊ တဖက်မှာလည်း အကြမ်းဖက်သောင်းကျန်းသူများဟာ တပ်မတော်နဲ့ပြည်သူပူးပေါင်းလုပ်ဆောင်ချေမှုန်းမှုကြောင့် တဖြည်းဖြည်း အရေးနိမ့်လာလျက်ရှိကြောင်း” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်က တရုတ်အကူအညီနဲ့ ရှမ်းမြောက်ဒေသက တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မြို့နယ်တချို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး မိုးကုတ်မြို့ကိုလည်း စစ်ကော်မရှင်ထံ ပြန်ပေးဖို့ TNLA ဘက်က သဘောတူထားပေမယ့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုးကုတ်မြို့ကို အစွမ်းကုန်ကာကွယ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – နိုဝင်ဘာ ၇ ရက်က နေပြည်တော်တွင်ကျင်းပသည့် စစ်ကော်မရှင်လေတပ် ရဟတ်ယာဉ်နှင့်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားမှ စစ်ခေါင်းဆောင်အား တွေ့ရစဉ်။

မန္တလေးတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီး နယ်မြေတဆက်တည်းရှိနေတဲ့ မတ္တရာ၊ စဥ့်ကူးနယ်ထဲမှာလည်း တိုက်ပွဲတွေပြင်းထန်နေကာ စစ်ကော်မရှင်တပ်ရဲ့ သာလွန်အင်အားတွေကြောင့် တော်လှန်ရေးတပ်တွေဘက်က နယ်မြေတွေကို ဆုတ်ခွာပေးနေရတာပါ။

အာရက္ခတပ်တော်-AA က ပြည်နယ်တခုလုံးနီးပါး သိမ်းပိုက်ထားနိုင်တဲ့ ရခိုင်ပြည်နယ်မှာတော့ စစ်ကော်မရှင်တပ်က ဆက်လက်စစ်ရှုံးနေပြီး မကွေးတိုင်း၊ ငဖဲမြို့နယ်နဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွေက လက်နက်စက်ရုံ ကပစတပ်တွေအနီးအထိ တိုက်ပွဲတွေရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။