နယ်မြေရှင်းလင်းရေးလုပ်နေချိန် တိုက်ပွဲဖြစ်ပြီး ရပ်ကျေးပကဖ ၇ ဦးကျဆုံး

0 51
0 51

မြေလတ်အသံ၊ နိုဝင်ဘာ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ဘုန်းဘွဲ့ရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း ပကဖ တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၆ ရက် မနေ့ကမနက် ၆ နာရီကျော်မှာ ဘုန်းဘွဲ့ရွာထဲကိုဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်နဲ့ ပကဖတပ်ဖွဲ့ဝင် ၁၇ ဦးဝန်းကျင်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

“ရွာကအိမ်တွေကို သူတို့က(စကမ)မီးရှို့ထားလို့ ပကဖတွေ ဝင်ငြှိမ်းတာ။ **မရှိ‌တော့ဘူးဆိုပြီး ပြန်ဝင်တာ။ မနက်လင်းတော့ **ကပြန်ဝင်တော့ ထိတွေ့မှုဖြစ်ပြီးကျကုန်တာ”လို့ ရွှေဘိုခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကျဆုံးသူတွေရဲ့ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ အတိအကျမသိရှိရသေးပေမယ့် ၎င်းတို့ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာမှန်ကန်ကြောင်း အထက်ပါတပ်ဖွဲ့ဝင်က အတည်ပြု ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၄ ရက်မှာ တပ်မ ၃၃ နဲ့ ခလရ ၄၂ တပ်ရင်းတို့က အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ဘုန်းဘွဲ့ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ဝန်းကျင်ကိုမီးရှို့ကာ ရွာမှာစခန်းချ ညအိပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဘုန်းဘွဲ့ရွာကတဆင့် နိုဝင်ဘာ ၅ ရက်မနက်မှာ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေး ရွာကိုဝင်ရောက်ပြီးနေအိမ်တွေမီးရှို့တပ်စွဲနေခဲ့ရာက နိုဝင်ဘာ ၆ ရက်မနက်မှာ ဘုန်းဘွဲ့ရွာကို ပြန်ဝင်သွားချိန် ပကဖတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အထက်ပါတပ်ဖွဲ့ဝင်က ဆိုပါတယ်။

လက်ရှိမှာ အဲဒီအင်အား ၁၀၀ ခန့်ပါစစ်ကြောင်းဟာ ဝက်လက်မြို့နယ်ကိုရောက်ရှိနေတဲ့ အင်အား ၁၅၀ ပါစစ်ကြောင်းနဲ့ပေါင်းပြီး ရွာသားကြီး၊ တံတားဦး၊ ထုံးဘို၊ တမာကုန်း၊ ရွာ‌တော်ကုန်း၊ မူးကြီးစတဲ့ ရွာတွေကိုမီးရှို့ပြီးနောက် နိုဝင်ဘာ ၆ ရက်ညပိုင်းမှာ ဝက်လက်မြို့ပေါ်ကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။