ဝက်လက်ကရွာတွေကို အင်အားအလုံးအရင်းနဲ့တပ်ဖြန့်စစ်ကြောင်းထိုးလာလို့ ဒေသခံ ၆,၀၀၀ ကျော်ထွက်ပြေးနေရ

0 27
0 27

ဝက်လက်၊ နိုဝင်ဘာ ၅၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ ၆,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက သိရပါတယ်။

နိုဝင်ဘာ ၅ ရက်ဒီမနက် ၇ နာရီကျော်လောက်ကစပြီး ရွာသာကြီးရွာမှ အင်အား ၈၀ ပါစစ်ကြောင်းက တံတားဦးကျေးရွာဘက်၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ရွာဘက်ကထွက်လာတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းနဲ့ လှတောရွာဘက်က ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါစစ်ကြောင်းက စိုင်းနိုင်ကြီး၊ စိုင်းနိုင်လေးကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

“စစ်ကြောင်းထိုးနေတယ်။ ပစ်တာတွေတော့ရှိတယ်။ ရွာတွေထဲကို ပစ်ခတ်ဝင်တာ။ စစ်ကြောင်းက ၃ ကြောင်း။ ပြည်သူတွေကတော့ ထွက်ပြေးနေရတာလည်းများတယ်။ ပြေးရတဲ့ရွာတွေက ရွာကြီးတွေချည်းဘဲ”လို့ ဝက်လက်မြို့နယ်ပကဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

စစ်ကော်မရှင်စစ်ကြောင်းဝင်လာချိန် အချိန်မီထွက်ပြေးနိုင်တာတွေကြောင့် လက်ရှိအချိန်ထိ ဒေသခံ ဖမ်းဆီးပစ်ခတ်ခံရတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ဒီညနေ ၃ နာရီခန့်မှာ ရွာသာကြီးဘက်ကထွက်လာတဲ့ စစ်ကြောင်းက တမာကုန်းကျေးရွာ စာသင်ကျောင်းမှာရောက်နေပြီး ကျန်စစ်ကြောင်းနှစ်ကြောင်းက စိုင်နိုင်လေး၊ စိုင်နိုင်ကြီးရွာတဝိုက်မှာ ရှိနေတယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်လာလို့ အိမ်ခြေ ၂၀၀ ကနေ ၇၀၀ ကြားရှိတဲ့ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး၊ တံတားဦး၊ သမကုန်း၊ တမာကုန်း၊ ရွာတော်ကုန်း၊ အုတ်နဲဘုတ်၊ ဆင်တဝဲအပါအဝင် ကျေးရွာ ၈ လောက်က ဒေသခံ ၆,၀၀၀ ကျော်ခန့်ထွက်ပြေးနေရပါတယ်။

စစ်ကြောင်းဝင်လာချိန် စိုင်နိုင်ကြီးနဲ့ဘုန်းဘွဲ့ကျေးရွာအကြားမှာ စစ်ကော်မရှင်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

နိူဝင်ဘာ ၂ ရက်ကလည်း ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းက မောက္ကဒီးကျေးရွာက ပြည်သူ ၄၀ ကျော်ကိုဖမ်းသွားပြီး နိုဝင်ဘာ ၅ ရက် ဒီနေ့အထိပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။