ရွှေဘို၊ နိုဝင်ဘာ ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာကို စစ်ကော်မရှင်တပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်လိုက်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
နိုဝင်ဘာ ၄ ရက် ဒီကနေ့မနက် ၆ နာရီခန့်မှာ ရွှေဘိုဘက်ကနေ အင်အား ၁၅၀ ခန့်ပါ စစ်ကော်မရှင်တပ်ဟာ ဘုန်းဘွဲ့ရွာကို စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာထိပ်မှာဒေသကာကွယ်ရေးတပ်တွေနဲ့ ၁ နာရီခန့်အကြာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ကျေးရွာအတွင်းဝင်ရောက်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။
” သာလွန်အင်အားနဲ့ထိုးတော့ ထိတွေ့တိုက်ပွဲဖြစ်ပြီးဝင်သွားတော့တာ။ သူတို့လာလို့ခံစစ်အနေနဲ့ပြင်ထားတဲ့နေရာရှိတယ်။ ကျေးရွာကာကွယ်ရေးအဖွဲ့တွေရှိတယ်။ တပ်ထိုင်ထားတာမရှိဘူး။ လက်ရှိတော့ စကစအဖွဲ့ကရွာထဲရှိနေတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲအတွင်းမှာဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရထားကာ စစ်ကော်မရှင်ဘက်ကတော့ ထိခိုက်သေဆုံးသူတွေရှိပေမယ့် အသေးစိတ်တော့စုံစမ်းနေတုန်းလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က သာလွန်အင်အားနဲ့ထိုးစစ်ဆင်လာတာကြောင့် ကာကွယ်ရေးတပ်တွေဘက်က ဘုန်းဘွဲ့ကျေးရွာကနေ ဆုတ်ပေးလိုက်ရပြီး လက်ရှိမှာ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်း တပ်စွဲနေထိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဝင်ရောက်လာပြီးတိုက်ပွဲဖြစ်နေတာကြောင့် အိမ်ခြေ ၅၀၀ နဲ့အထက်ရှိတဲ့ ဘုန်းဘွဲ့၊ တာဂဏန်း၊ ရှားတော၊ ဇီးတော၊ ယင်းမာ၊ အောင်ချမ်းသာရွာသစ်တွေက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရပါတယ်။
ရွှေဘိုမြို့နယ်အပြင် ဝက်လက်မြို့နယ်အတွင်းကိုလည်း စစ်ကိုင်းမြို့နယ်၊ ဆားတောင်ဒေသက စစ်ကော်မရှင်တပ်စစ်ကြောင်းတွေ ဝင်ရောက်စစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်မြို့နယ်အတွင်းက ကျေးရွာဒေသခံတွေလည်း ဘေးလွတ်ရာထွက်ပြေးနေရတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ