နတ်ရေကန်တိုက်ပွဲကထွက်ပြေးလာတဲ့ စစ်သား ၇၀ နီးပါးကို CDF-Asho ဖမ်းဆီးထိန်းသိမ်းထား

0 3
0 3

မြေလတ်အသံ၊ နိုဝင်ဘာ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်တောင်ဗျူဟာစခန်းကုန်းကထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၆၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၂ ရက် ဒီကနေ့မှာ ချင်းကာကွယ်ရေးတပ်- အရှို (CDF- Asho) က ထုတ်ပြန်လာပါတယ်။

ဇွန် ၁ လအတွင်းက ၄၀ ဦး၊ စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်းက ၂၆ ဦး ဖမ်းမိခဲ့တာဖြစ်ပြီး အားလုံးက ပေါ်တာဆွဲခံရပြီးနောက် စစ်သားဖြစ်လာကြသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပုံစာ – စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လတာအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ – စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လတာအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

“တချို့ကတော့ လက်နက်နဲ့အတူဖမ်းမိတာရှိသလို တချို့ကတော့ လက်နက်မပါလာပါဘူး။ တိုက်ပွဲဖြစ်နေပြီးတော့မှ သူတို့ကလွတ်ရာလွတ်ကြောင်း ထွက်ပြေးလာသူတွေကို မိတာမျိုးတွေလည်းရှိတဲ့အတွက်ကြောင့်ပါ။ အားလုံးကတော့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းတိုက်ပွဲတွေကနေပဲ ပြေးလာကြတဲ့သူတွေပါ”လို့ Chin Defence Force-Asho မှ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ဇွန်လအတွင်းဖမ်းမိသူ ၄၀ ဦးဆီက MA အမျိုးသား သေနတ် ၁၅ လက်နဲ့ ကျည်ဆန်တွေရရှိခဲ့သလို စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လအတွင်း ဖမ်းမိသူ ၂၆ ဦးဆီက သေနတ် ၄ လက်၊ RPG ကျည်၊ ကျည်ဆန်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ပုံစာ – စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လတာအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
ပုံစာ – စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လတာအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

အခုလိုဖမ်းဆီးထိန်းသိမ်းထားတွေဟာ အသက် ၁၆ နှစ်ကနေ ၄၀ ကျော်အရွယ်အထိဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်တွေကို ၎င်းတို့ရဲ့ မိသားစုတွေလုံခြုံရေးအရ ထုတ်ဖော်ပြောလို့မရဘဲ အားလုံးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

CDF – Asho အနေနဲ့ စက်တင်ဘာလဆန်းကနေ နိုဝင်ဘာ ၂ ရက် ဒီကနေ့အထိ စစ်ကော်မရှင်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကူလာရောက်တဲ့စစ်ကြောင်းတွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်မှုနဲ့အတူ ခုခံစစ်၊ ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစာ – စက်တင်ဘာ နှင့် အောက်တိုဘာ ၂ လတာအတွင်း သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

စက်တင်ဘာလကနေ အောက်တိုဘာလကုန် အထိ ၂ လတာ တိုက်ခိုက်မှုအတွင်း CDF – Asho မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ရပြီး ခြေလက်အင်္ဂါဆုံးရှုံးသူ ၂ ဦး၊ အခြားထိခိုက်ဒဏ်ရာရရှိ တပ်ဖွဲ့ဝင် ၇ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။