မြေလတ်အသံ၊ အောက်တိုဘာ ၃၀၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်က ကျေးရွာတရွာနဲ့ ဗန်းမောက်မြို့အနီးကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၂၉ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်ကလေး ၁ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်ည ၁၀ နာရီကျော်မှာ ကသာမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာကို တိုက်ခိုက်ရေး လေယာဥ် ၁ စီးနဲ့ ဗုံး ၃ လုံးကြဲချခဲ့ရာ ၁၀ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုး သား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အသက် ၄၀ အရွယ်အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပါတယ်။
“အသက် ၉၀ ကျော် အမျိုးသမီး ၁ ဦး စိုးရိမ်ဒဏ်ရာရကာ နောက်ထပ် ၇ ဦးလည်း ဒဏ်ရာပြင်းထန် ရရှိထားပါတယ်။ ညအချိန် ပြည်သူများနေထိုင်တဲ့ ကျေးရွာကို အကြောင်းမဲ့ ဗုံးကြဲခံရမှုကြောင့် မသေသင့်ဘဲ ပြည်သူ့ အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပါတယ်”လို့ ကသာခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အောက်တိုဘာ ၃၀ ရက်ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။



ဗုံးကြဲခံရတဲ့နေရာတွေဟာ ညောင်ခြေထောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာအတွင်းဖြစ်ပြီး ဗုံးကြဲမှုကြောင့် လူနေအိမ် ၁၄ လုံးနဲ့ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံ၊ ဂရုဏာပရဟိတကား ၁ စီးလည်း ပျက်စီးခဲ့ရတယ်လို့ ကသာမြို့နယ်ပအဖ က ဆိုထားပါတယ်။
အလားတူ အောက်တိုဘာ ၂၉ ရက်မနက် ၈ နာရီကျော်ကလည်း NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ပြင်ရှိ တောတန်းတွေကို Y-12 ထောက်ပို့လေယာဥ် ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“မြို့ပြင်ကိုပါ။ အထိအခိုက် အပျက်အစီးတော့မရှိလိုက်ပါဘူး။တောစပ်တွေကိုပေါ့။ မြို့နားပတ်လည်ပါပဲ။ ဗုံးအလုံးရေများတော့ မရေထားမိလိုက်ဘူး”လို့ ဗန်းမောက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။



NUG တပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ကို ပြန်လည်ရရှိဖို့ ရှမ်းနီအမျိုးသားတပ်မတော်(SNA)နဲ့ စစ်ကော်မရှင်တပ်မ ၃၃ က ပူးပေါင်းအင်အား ၅၀၀ ကျော်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ နေ့စဥ်နီးပါး ရှိနေပေမယ့် တော်လှန်တပ်တွေဘက်က ခုခံမှုကိုမထိုးဖောက်နိုင်သေးဘူး လို့လည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ အောက်တိုဘာ ၂၉ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၄၂၂ ဦးရှိပြီလို့ နိုင်ငံရေးကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။
စာတည်း – လင်း