myaelatt athan

Sharing Information to the Local

စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုက သာသနိကအဆောက်အအုံတွေအပါ အရပ်သားပစ်မှတ်တွေကို စစ်ကောင်စီ ဗုံးကြဲ

ဒိန်းဂျားအောင်စိုး

မင်းကွန်း၊ မတ် ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ် နဲ့ ဝက်လက်မြို့နယ်တို့ကို မတ် ၁၉ ရက်နဲ့ ၂၀ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိပြီး သာသနိကအဆောက်အအုံနဲ့ နေအိမ်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၉ ရက် ည ၁၁ နာ ရီမှာ မင်းကွန်းတိုက်နယ်ရှိ ပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီတို့တည်ရှိတဲ့ မြောက်ရွာနဲ့ ဈေးဆိပ်ကျေးရွာတို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်က ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်းမှာ ညအိပ်နေတဲ့ ဆေးသုတ်သမား အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ပါတယ်။

“ပုထိုးတော်ကြီး နဲ့ မြသိန်းတန်းကြားက အဆောက်အဦတွေတော့ ထိခိုက်တယ်။ ဒီကြားထဲမှာက ဘုန်းကြီးကျောင်းတွေ သာသနိကအဆောက်အအုံတွေ ပေါတယ်။”လို့ မင်းကွန်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

မင်းကွန်းတိုက်နယ် တောင်ရွာရှိ ရဲစခန်းနဲ့ မြသိန်းတန်စေတီတို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီး ၂၀၀ ဝန်းကျင်တပ်စွဲထားတယ် လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

“မြောက်ဘက်က မြစ်ရိုးရွာတွေကို ဒီကောင်တွေ(စကစ)စစ်ကြောင်းထိုးချင်နေတာ။ လမ်းကတလမ်းရှိတော့ ပိတ်ဆို့တိုက်ခံရတော့ အထိနာနေတာ။ ဒါကြောင့်မို့ မီးရှို့ ဗုံးကြဲ လုပ်နေတာ”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် မတ် ၁၉ ရက်မှာလည်း မြောင်မြို့ပေါ်နဲ့ မြို့အနီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ပစ်ခတ်တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့ပါသေးတယ်။

မြောင်မြို့ပေါ်ရဲစခန်းကစစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ မြောင်မြို့တောင်ဘက် လှေတင်ဦးရွာက ဒေသခံအမျိုးသား ၁ ဦး ထိမှန်သေဆုံးပြီး မြို့မြောက်ဘက် ကျည်ကုန်းရွာက အမျိုးသား ၁ ဦးလည်းသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့ညပိုင်းမှာလည်း စစ်တပ်လေထီးနဲ့ထပ်မံဗုံးကြဲခဲ့တာကြောင့် မြောင်မြို့ပေါ်က ဒေသခံ ၂ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ Myaung PDF CDSOM ကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အလားတူ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာဘုန်းကြီးကျောင်းကို မတ် ၂၀ ရက် မနက် ၉ နာရီ ၂၀ မိနစ်မှာ ၁ ကြိမ်၊ ၉ နာရီ ၂၈ မိနစ်မှာ ၁ ကြိမ် တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Standard Revolution Force – SRF MMU တာဝန်ခံက ပြောပါတယ်။

“တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့လာတာ၊ ပေါင် ၅၀၀ ဗုံးသီးတွေကို ၂ ကြိမ်တိုင်တိုင် လာကြဲတာ၊ ဘုန်းကြီးကျောင်းထဲကျတယ်၊ ဘုရားရင်ပြင်ထဲကျတယ်၊ စောင်းတန်းတွေထဲလည်း ကျတယ်၊” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာဆေးကုသမှု ပေးနေရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ခုနှစ်၊ မတ် ၂၀ ရက်အထိ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူစုစုပေါင်း ၆,၄၁၉ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ထုတ်ပြန်ပါတယ်။

ပုံစာ – ဗုံးကြဲခံရသည့် ၀က်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။