စစ်အုပ်စုဖမ်းဆီးထားတဲ့ ပြည်သူ ၄ ဦး ပြန်မလွတ်လာသေးလို့ မိသားစုတွေစိုးရိမ်နေ

0 4
0 4

တောင်သာ၊ ဧပြီ ၂၃၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ အထက ကျောင်းမှာ စစ်ကောင်စီဖမ်းဆီးထားတဲ့ ပြည်သူ ၄ ဦး ဧပြီလ ၂၃ ရက်ဒီမနက်ပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေက ရုံးစည်ကြီးရွာ အထကကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က တော်လှန်ရေးအဖွဲ့တွေနဲ့မပတ်သက်တဲ့ ဒေသခံ ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေလုပ်နေတာလို့ လူထုလှုပ်ရှားမှုကော်မတီ တောင်သာ တာဝန်ရှိသူက ပြောပါတယ်။

“၂၀ ရက်နေ့က ဖမ်းခံရတဲ့ ရွာသားက သူ့ဦးလေး နာရေးမှာ လာတဲ့ ဧည့်သည်တွေ ညအိပ်ဖို့ ဧည့်စာရင်းသွားတိုင်ချိန်မှာ ဖမ်းခံရတာ။ ကျန်တဲ့ ၃ ယောက်ကိုတော့ နေအိမ်တွေမှာ စကစ တပ်သားတွေက လာဖမ်းသွားတာ။ ဒီမနက်ထိတော့ ပြန်မလွတ်လာသေးဘူး။ ကျန်တဲ့မိသားစုဝင်တွေလည်း စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။

ဧပြီလ ၂၀ ရက်မှာ နိဗ္ဗူတာရပ်ကွက်နေ ဦးမျိုးမြင့်ဦး(ခ) ဦးဝင်းနိုင်၊ ဧပြီလ ၂၁ ရက်မှာ ရွာမအနောက်ရပ်နေ ကိုအောင်စိုး၊ သီးပင်ကုန်းရပ်နေ ဦးဝင်းအောင်နဲ့ ဒေါ်စိုးတို့ လင်မယားကို ဖမ်းဆီးပြီး ရုံးစည်ကြီးရွာ အထက ကျောင်းထဲမှာ စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၄ ဦးကို ကျန်ရှိသူမိသားစုဝင်တွေက ထမင်းပို့ခွင့်၊ တွေ့ခွင့်မရတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ရုံးစည်ကြီးရွာ အဝင်အထွက်လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးတာနဲ့ ကင်းပုန်းချထားတာတွေလည်း လုပ်နေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဧပြီလ ၁၉ ရက်ကလည်း တောင်သာမြို့နယ်၊ မိုးနှောင်းခင်းကျေးရွာ ဇရပ်မှာ အသတ်ခံထားရတဲ့ လူငယ် ၂ ဦးရုပ်အလောင်းကို ဒေသခံတွေက တွေ့ခဲ့ရပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ ခုချိန်ထိ မသိရသေးဘူးလို့ ဆိုပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။