myaelatt athan

Sharing Information to the Local

ကသာမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိ

ကသာ၊ မတ် ၂၁၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ကသာမြို့နယ်၊ ပင်းလွတ်ရွာအနီး ပန်းတောင်းကြီး-ပန်းတောင်းလေးတောင်နားမှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ရလို့ ၃၀ ကျော်သေဆုံးပြီး ၃၀ ကျော်အရှင်ဖမ်းမိတယ်လို့ မတ် ၂၁ ရက်မှာ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မတ် ၁၅ ရက်မှာ ကသာအခြေစိုက် ခမရ ၃၀၉ ကနေ ဗိုလ်မှူးလင်းထက် ဦးစီးလာတဲ့ ခမရ ၁၀၆၊ ၃၀၉၊ ခလရ ၆ ပူးပေါင်းအင်အား ၁၅၀ ခန့်ပါစစ်ကြောင်းကို EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း ၁၊ မိုးတားတိုက်နယ်ပကဖနဲ့ ကသာမြို့နယ်ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲဟာ မတ် ၁၅ ရက်မနက် ၉ နာရီခန့်ကနေ မတ် ၁၆ ရက်နေ့လယ် ၂ နာရီထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများစွာနဲ့ဆုတ်ခွာထွက်ပြေးသွားရတယ်လို့ တိုက်ပွဲအခြေနေကိုသိထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့သိရသလောက်က စစ်ကောင်စီဘက်က အကျအဆုံးတော်တော်များတယ်။ ၃၀ ကျော်မယ်။ အရှင်ဖမ်းမိတာလည်း များတယ်။ စစ်သုံ့ပန်းဖမ်းမိတာက KIA ဘက်က ဖမ်းမိတာလည်းရှိတယ်။ PDF ဘက်က ဖမ်းမိတာလည်းရှိတယ်။ ပေါင်းလိုက်မယ်ဆိုရင်တော့ ၃၀ ကျော်ရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်တွေက ကစဉ့်ကလျားနဲ့အကုန်ထွက်ပြေးကုန်တာ။ ၁၉ ရက်နေ့ကဆို နောက်ထပ် ၁၈ ယောက်ဖမ်းမိတယ်လို့ကြားထားသေးတယ်။”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေထဲက ၇ ဦးခန့်သာ ကသာ ခမရ ၃၀၉ ထဲကို ပြန်ရောက်ရှိပြီး ကျန်တဲ့သူတွေက တောထဲမှာ ပုန်းခိုနေတာနဲ့ ပျောက်ဆုံးနေတာတွေရှိနေသေးတာကြောင့် နယ်မြေခံ PDF တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ ရက်အတွင်းက ပင်းလွတ်ရွာနဲ့ အနီးအနားကျေးရွာ ၂ ရွာလောက်က ဒေသခံတွေက ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး မတ် ၂၁ ရက်မှာ အကုန်ပြန်ရောက်နေကြပြီလို့ အထက်ပါ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရသလို ၃၁ ဦးအရှင်ဖမ်းမိခဲ့ကာ MA 1 ၂၉ လက်၊ MA 2 ၆ လက်၊ MA 3 ၁၂ လက်၊ MA 4 ၃ လက်၊ MA 11 ၁ လက်၊ MA 15 ၁ လက်၊ Anti Drone Gun ၁ လက်၊ MA 10 ဗုံးသီး ၃၇ လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA 15 ကျည် ၂,၀၀၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ ကျည်အိမ် ၁၁၃ ခု၊ ကျောပိုး Jammer ၁ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ အထိုင်ဖုန်း ၁ လုံး၊ ကျည်ကာဦးထုပ် ၁၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကသာမြို့နယ်ပကဖအဖွဲ့ဝင် ၂ ဦး တိုက်ပွဲအတွင်းသေဆုံးခဲ့ကာ တိုက်ပွဲပြီးတဲ့နောက်ပိုင်းမှာ မတ် ၂၁ ရက်အထိ ဗန်းမောက်ဘက်ကနေ ကသာမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။