အပူရှိန်ပြင်းလာလို့ ရေရရှိဖို့နဲ့လက်နက်ခဲယမ်း သိုလှောင်ထုတ်လုပ်ဖို့ အခက်ကြုံလာ

0 1
0 1

ယင်းမာပင်၊ ဧပြီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာ အပူရှိန်ပြင်းလာလို့ ​ဒေသကာကွယ်​ရေးအဖွဲ့တွေအနေနဲ့ သောက်သုံးရေရဖို့နဲ့ လက်နက်ခဲယမ်းတွေ သိုလှောင်ထုတ်လုပ်ဖို့ အခက်ကြုံလာနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဆားလင်းကြီးမြိုနယ်ထဲမှာ ဧပြီလလယ် အပူရှိန်က ၄၃ ဒီဂရီထိရှိလာပြီး အပူရှိန်မြင့်လာလို့ အခြားနေရာတွေကနေ ရေသယ်နေရသလို ကိုယ့်အားကိုယ်ကိုးထုတ်လုပ်ထားတဲ့ လက်နက်ခဲယမ်းတွေ အပူရှိန်ကြောင့် အန္တရာယ်မဖြစ်ဖို့ သတိထားနေရတယ်လို့ Salingyi Border Task Force တာဝန်ရှိသူက ပြောပါတယ်။

“ရေရဖို့အတွက် ရဲဘော်တွေကို သီးသန့်တာဝန်ပေးပြီး ခိုင်းနေရသလို စခန်းနားမှာ ရေမရှိတော့ ရေရမယ့် တော်တော်လှမ်းတဲ့နေရာထိ သွားယူနေရတော့ ပင်မအလုပ်တွေပျက်တာရှိတယ်။ နောက်တခုက လက်နက်ခဲယမ်းတွေထုတ်ဖို့ စက်တွေမောင်းပြီးလုပ်ရတဲ့အခါ အပူရှိန်​ကြောင့် အချိန်ပြည့်မလုပ်နိုင်ဘူး နားနားပြီး လုပ်နေရတယ်။ ထုတ်လုပ်ပြီးသားတွေဆိုလည်း ရာသီဥတုကြောင့် တခုခုမ​ဖြစ်သွားအောင်ဂရုစိုက်နေရတယ်” လို့ ပြောပါတယ်။

အပူရှိန်ထပ်မံမြင့်တက်လာပါက သောက်သုံးရေအခက်အခဲပိုဖြစ်လာနိုင်ပြီး လက်နက်ခဲယမ်းတွေ ထုတ်လုပ်ဖို့အချိန်ယူလုပ်ကိုင်ရမယ့် အခြေနေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

“သောက်ရေအတွက်က စခန်းနဲ့တမိုင်လောက်သွားပြီး ခပ်နေရတယ်။ သုံးရေကတော့ နီးစပ်ရာကနေ အဆင်ပြေသလိုယူနေရတယ်။ လက်နက်တွေ ထားသိုတာကတော့ ရဲဘော်တွေနဲ့ ခပ်လှမ်းလှမ်းနေရာမှာ မြေကျွင်းတူးပြီး ဘန်ကာစနစ်တကျဆောက်ပြီး ထားထားရတာ။ မြေပေါ်မှာထားလို့က ခုလိုအပူရှိန်နဲ့ဆို ဘယ်လွယ်မလဲ။ ပေါက်ကွဲကုန်မှာပေါ့” လို့ ယင်းမာပင်ခရိုင် အမှတ် ၁၀ တပ်ရင်း တာဝန်ရှိသူတဦးကပြောပါတယ်။

အပူရှိန်ကြောင့် ဒေသခံတွေမှာလည်း သောက်သုံးရေပြသနာကို ရင်ဆိုင်နေရပြီး လွန်ခဲ့တဲ့ ၃ ရက်လောက်က ကျေးရွာတရွာက အသက် ၈၀ ကျော်အဖွဲ့အိုတဦးဟာ အပူရှိန်ကြောင့် ကွယ်လွန်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထိုးစစ်ကြောင့် တောတောင်ထဲ ထွက်ပြေးနေရတဲ့ ဆားလင်းကြီးနယ်က စစ်ဘေးရှောင် ၆၀၀၀ ခန့်မှာလည်း သောက်သုံးရေပြသနာနဲ့ အပူဒဏ်ခံရတဲ့ဒဏ်တွေကို ခံစားနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အမြင့်ဆုံးနေ့အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ် နဲ့ ၄၅ ဒီဂရီစင်တီဂရိတ် တို့ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။