ကလေး၊ အောက်တိုဘာ ၂၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ကအင်အားသုံးစစ်ကြောင်းထိုးနေတဲ့အတွက် တိမ်းရှောင်နေကြရတဲ့စစ်ဘေးရှောင်တွေမှာ ဆေးဝါးနဲ့ရိက္ခာတွေလိုအပ်နေတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။
အင်အား ၁,၅၀၀ ဝန်းကျင်ပါတဲ့စစ်ကော်မရှင်တပ်တွေက ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးတာ၊ တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံတွေဟာ အောက်တိုဘာဒုတိယပတ်လောက်မှာ စတင်တိမ်းရှောင်ခဲ့ကြပြီး စစ်ရှောင်ကာလ ၂ ပတ်ကျော်ရှိလာချိန်မှာ အကူအညီတွေ လိုအပ်လာနေတာပါ။

“ပြေးလာတာက ဘာမှမပြင်ဆင်ပဲပြေးလိုက်ရတော့ ရှိတာလေးနဲ့ပါလာနိုင်သမျှနဲ့ ချက်ပြုတ် စားသောက်နေရတယ်။ သက်ကြီးရွယ်အိုမသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေပါတယ်။ ရှောင်နေရတဲ့အချိန်မှာ ခြေလျင်နဲ့ပြေးတဲ့သူတွေရောရှိတယ်။ ကြားထဲမှာလည်းမိုးကမိထားတော့ အဖျားရောဂါတွေ အစုလိုက်အပြုံလိုက် အဖျားရောဂါတွေ တွေ့နေရတယ်။”လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီရဲ့ အဖွဲ့ဝင်တဦးကပြောပါတယ်။
အရေးပေါ်တိမ်းရှောင်လာကြရတာကြောင့် အသုံးအဆောင်နဲ့ စားနပ်ရိက္ခာအနည်းသာ ယူလာနိုင်ပြီး ပါလာတဲ့ရိက္ခာတွေကလည်း ပြတ်လပ်လုနီးပါးဖြစ်နေပြီး မိုးမိတဲ့ဒဏ်တွေကြောင့် လက်ရှိလက်လှမ်းမှီသလောက်နေရာတဝိုက်မှာတင် ဖျားနာနေသူဦးရေက ၁၀၀ နီးပါးလောက်ရှိနေတယ်လို့ အထက်အဖွဲ့ဝင်ကပြောပါတယ်။
ဖျားနာနေသူတွေအပြင် နောက်ထပ် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အရေးပေါ်ကာလမှာ အခြေခံစားသောက်ကုန်နဲ့ ဆန်၊ ဆီ၊ ဆားလိုအပ်မှုဟာဆိုလို့ရှိရင် အင်မတန်မှ အရေးပေါ်ဖြစ်နေပါတယ်။ အခုလက်ရှိ ကလေးဒေသမှာဆိုရင် ရံဖန်ရံခါမိုးရွာတဲ့ အနေအထား ဖြစ်ပါတယ်။ စစ်ရှောင်အများစုဟာ မိုးရွာတဲ့ဒဏ်ကြောင့်ရော၊ ကာလဒေသနဲ့တိမ်းရှောင်တဲ့ ဒဏ်ကြောင့်ရော အရေးပေါ်ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေလိုအပ်နေပါတယ်”လို့ သူက ပြောပါတယ်။
လက်ရှိမှာ ကံကြီး၊ ကံသာယာ၊ ၅၆ မိုင်၊ လက်ပံချောင်း၊ ပြည်တော်သာ၊ ပျဉ်းခုံကြီး၊ ပျဉ်းတောဦး၊ ရာဇဂြိုလ်၊ မြစိမ်း၊ မြလင်း၊ မောက်လင်း၊ လက်ပံချောင်း၊ ရန်မျိုးအောင်၊ နန်းစောင်းပု စတဲ့ကျေးရွာတွေအပါ ကလေးမြို့နယ်မြောက်ပိုင်းရှိကျေးရွာတွေက ဒေသခံ ၁၀,၀၀၀ ကျော် တိမ်းရှောင်နေကြရတာပါ။
အဆိုပါစစ်ကြောင်းဝင်ရောက်လာချိန်မှာ လေကြောင်းပစ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ ၁၅ ဦးထပ်မနည်းသေဆုံးခဲ့ပြီး စစ်ကြောင်းဝင်ရောက်ခဲ့တဲ့နေရာတွေမှာ အသတ်ခံရတဲ့ ပြည်သူ ၁၀ ဦးထပ်မနည်းရှိကာ ဖမ်းခံရသူတွေလည်းရာဂဏန်းရှိတယ်လို့ သူကဆက်ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်တဲ့နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

“နွေဦးတော်လှန်ရေးရဲ့အင်အားစုတွေအတွက်တော့ တော်တော်လေးများပြားတဲ့စစ်ကြောင်း ဖြစ်ပါတယ်။ သူတို့ဘက်ကနေပြီးတော့ စစ်ရေးကိုအင်အားအများအပြားနဲ့ သာလွန်အင်အားကို အသုံးပြုတဲ့အနေအထားပါပဲ၊ ပုံမှန်စစ်ကြောင်းဆိုရင် အင်အား ၃၀၀ နီးပါးလောက်ရှိတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာ ကလေး-တမူးလမ်းမပေါ်ကရွာတွေမှာတပ်ဖြန့်ပြီး စစ်ကြောင်းထိုးနေကာ ဒေသတော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်က ကလေး-တမူး အာရှကားလမ်းမကို အပြည့်အဝထိန်းချုပ်နိုင်ရေး ဇွန်လကစတင် စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာဖြစ်ပြီး ၃ လကျော်အကြာ လက်ရှိထိုးစစ်မှာ စစ်အင်အား ၁,၅၀၀ ခန့်ပါဝင်တာကြောင့် ကလေးမြို့နယ် မြောက်ပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက် PDF တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ စခန်း ၅ ခုကို ပြန်လည်လက်လွှတ်ခဲ့ရတယ်လို့ မြေပြင်အခြေအနေကိုသိရှိသူတွေက ပြောပါတယ်။
စာတည်း – လင်း