⁨ဆောမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးရဲ့ဇနီး ပစ္စည်းလု အသတ်ခံရ

0 23
0 23

ကျူးလွန်သူတွေကို စစ်ကော်မရှင်လက်အောက်ရဲတွေရော မြို့နယ်ပလဖ ကပါ ရှာဖွေနေ

မြေလတ်အသံ၊ အောက်တိုဘာ၂၁၊ ၂၀၂၅။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မှာ ရဲတပ်ကြပ်ကြီးရဲ့ဇနီးဖြစ်သူ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး ပစ္စည်းလုယက်အသတ်ခံရပြီးနောက် အလောင်းကို ဆာလာအိတ်နဲ့ထည့်ကာ စွန့်ပစ်ခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသတ်ခံရသူမှာ ဆောမြို့၊ ဇေယျာရပ်ကွက်နေ အသက် ၆၂ နှစ်ရှိ ဒေါ်ရှိန်းခေါဝါ ဖြစ်ပြီး သေဆုံးပြီးနောက်စွန့်ပစ်ခံထားရတဲ့ရုပ်အလောင်းကို သူပိုင်တောင်ယာတဲနဲ့ ကိုက် ၅၀ အကွာမှာ ရပ်ကွက်နေပြည်သူတွေက အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီကျော်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

” အဲ့ဒီအဘွားနဲ့တရပ်ကွက်တည်းနေတဲ့ ပြည်သူတွေက သူမထင်းရှာဖို့ဆိုပြီး တောင်ယာကို ထွက်သွားတာ ၂ ရက်ကြာပြီ အိမ်ကိုပြန်မရောက်လာလို့ လိုက်ရှာကြတာ။ ရှာတော့ဆာလာအိတ်နဲ့ထုတ်ထားတဲ့ အလောင်းကိုပဲတွေ့ရှိခဲ့တာ။ အလောင်းတွေ့ချိန်မှာတော့ သူဝတ်ထားတဲ့ ရွှေတွေမရှိတော့ဘူး”လို့ ဆောမြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေါ်ရှိန်းခေါဝါဟာ ဆောမြို့မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး ရှာလောရဲ့ဇနီးဖြစ်ပြီး သူနေထိုင်တဲ့ ရဲစခန်းအနီး ဇေယျာရပ်ကွက်နေအိမ်ကနေ ဒေသအခေါ် သန်းပင်ခုံစုန်းတလင်းပြင်ဥယျာဥ်တောရှိ သူပိုင်တဲ့တောင်ယာဆီ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ ထွက်သွားခဲ့ပြီးနောက် ၂ ရက်အကြာမှာ သေဆုံးလျက်တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

” ဒဏ်ရာတွေကတော့ ဘယ်ဘက်နားထင်ကို တုံးတဲ့အရာတစ်ခုနဲ့ထုရိုက်ခံတာရတာပါ။ ဦးနှောက်ထဲသွေးယိုစီးပီးသေတယ်လို့သိရပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ရုပ်အလောင်းတွေ့ရှိချိန်မှာ ဒေါ်ရှိန်းခေါဝါ ဝတ်ဆင်ထားတဲ့ ဆွဲကြိုး၊ လက်စွပ်၊ နားကပ် စတဲ့ ရွှေထည်တွေနဲ့ သေဆုံးသူအမြဲလွယ်ထားလေ့ရှိတဲ့ ဘေးလွယ်အိတ်တလုံးလည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒေါ်ရှိန်းဝါအသတ်ခံရမှုနဲ့ပတ်သက်ပြီး သူ့နေအိမ်ကိုအဝင်၊ အထွက်အမြဲရှိတဲ့ ဆောမြို့နေ ကိုချစ်ရင်ထူး နဲ့ ကိုဖိုးအေးတို့ ၂ ဦးမှာ အခင်းဖြစ်တဲ့ အောက်တိုဘာ ၁၇ ရက်ကစလို့ ဆောမြို့ပေါ်ကနေပျောက်ဆုံးနေတာကြောင့် ၎င်းတို့ ၂ ဦးကို သံသယတရားခံအဖြစ်ယူဆထားကာ စစ်ကော်မရှင်လက်အောက်ရဲတပ်ဖွဲ့ဝင်တွေရာ ဆောမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ကပါ လိုက်လံရှာဖွေနေကြတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။