စလင်း၊ အောက်တိုဘာ ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့မှာ စစ်ကော်မရှင်တပ်ကပေါ်တာဆွဲဖမ်းဆီးနေပြီး အောက်တိုဘာ ၁၃ ရက်နဲ့ ၁၅ ရက်မှာ စုစုပေါင်းအမျိုးသား ၄ ဦးဖမ်းဆီးခံထားရတယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၁၃ ရက် ည ၈ နာရီခွဲအချိန်မှာ စလင်းမြို့ကပြန်လာတဲ့ Micky-Myanmar Wifi ကုမ္ပဏီဝန်ထမ်း အသက် ၂၅ နှစ်အရွယ်အမျိုးသား ၂ ဦးကို စလင်းမြို့မြောက်ဘက် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်အနီးမှာ ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦး ဆင်ဖြူကျွန်းမြို့၊ ပြန်လွှင့်ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၂ ဦးဖြစ်ပြီး ဒီကနေ့အထိ စလင်းမြို့မရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ ပြည်သူ့ညီနောင်-စလင်းအဖွဲ့ တာဝန်ခံ ကိုပြည်သူ က ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၅ ရက် ဒီကနေ့ ညနေ ၅ နာရီခွဲမှာလည်း အမျိုးသား ၂ ဦးကို စလင်းမြို့၊ ရှင်ဗလန်းနတ်နန်းအနီးမှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“စလင်းမြို့ ရှင်ဗလန်းနတ်နန်းနားမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးပြီး ကားပေါ်တင်ခေါ်ဆောင်သွားတယ်၊ စလင်းမြို့ ရှင်ဗလန်းနတ်နန်းနားမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက အရပ်သားဟန်ဆောင်ပြီး အင်အား ၆ ဦးခန့်နဲ့ ဖမ်းဆီးစစ်ဆေးနေတာတွေ လုပ်နေတယ်” လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မကွေးတိုင်းအတွင်း စလင်း၊ ပွင့်ဖြူ၊ ချောက်စတဲ့မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေက မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေဘက်မှာပါ ပေါ်တာဆွဲဖမ်းဆီးမှုတွေ မကြာခဏပြုလုပ်လျှက် ရှိနေတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်ကလည်း စလင်းမြို့နယ်၊ ငွေသောင်ကျေးရွာနဲ့ ချောက်ပင်ရွာက အမျိုးသား ၁၁ ဦး ပေါ်တာဆွဲဖမ်းဆီးခံရပြီး ၃ ဦးကတော့ ငွေပေးပြီးပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း – လင်း