ပဇီကြီးကို လေကြောင်းနဲ့ ထပ်လာပစ်လို့ ကယ်ဆယ်ရေးရပ်နားထားရပြီး ဒဏ်ရာရကလေး ၁၀ ယောက်ထပ်သေဆုံး

0 1
0 1

ကန့်ဘလူ၊ ဧပြီ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးရွာလေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးတဲ့ရုပ်အလောင်းတွေကို ကောက်ယူကယ်ဆယ်နေချိန် စစ်ကောင်စီက လေကြောင်းနဲ့ ထပ်မံ လာရောက်ပစ်ခတ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုံးဝရပ်နားထားလိုက်ရပါတယ်လို့ သိရပါတယ်။

ဧပြီလ ၁၁ ရက် ဒီကနေ့ ညနေ ၅ နာရီခွဲက ကာကွယ်ရေးအဖွဲ့အစည်းတွေက ကယ်ဆယ်ရေးတွေလုပ်၊ အလောင်းတွေသယ်နေချိန် Mi-35 နဲ့ ၁၀ မိနစ်ခန့် လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။

ပထမတကြိမ် လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးပြည်သူတွေထဲမှာ ၂ နှစ်ခွဲဝန်းကျင် ကလေးအပါအဝင် ၈ ဦးကျော် သေဆုံးခဲ့ပြီး ညနေပိုင်းမှာတော့ ဆေးရုံမှာ ကုသနေတဲ့ ကလေးတွေထဲက ၁၀ ဦးကျော် ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။

“အခု ဆက်သွယ်လာချက်အရ ဆေးရုံမှာဆုံးတာ ၁၀ ယောက်ကျော်သွားပြီ။ ကျနော်တို့ကယ်တာနဲ့ဆို ခန့်မှန်းခြေ ၂၀ ကျော် ၃၀ နီးပါးကပ်မှာပဲ။ နောက်ထပ် ဒဏ်ရာရထားတဲ့ ကလေးလေးတွေရှိသေးတယ်။ အရွယ်ကတော့ စုံတယ်။ ၅ နှစ်ကျော်တွေလည်းပါတယ်။ တချို့ကလေးတွေကျ ဘာမှကိုပဲ အသက်တွက်လို့မရအောင် ခန္ဓာကိုယ်က တပိုင်းစီဖြစ်နေတာ၊ ခြေထောက်ကလေးတွေကြည့်ပြီး ကလေးလို့ သတ်မှတ်ရတာ” လို့ မြေပြင်မှာသွားရောက် ကယ်ဆယ်ပေးခဲ့တဲ့ ရဲဘော်တဦးက ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ အလောင်းတော်တော်များများ ကျန်သေးပေမယ့် လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေတာကြောင့် ဒီနေ့အတွက် ကယ်ဆယ်ရေးတွေ နားလိုက်ပြီလို့ သူကဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပဇီကြီးရွာမှာ ဒီကနေ့မနက် ၇ နာရီက စစ်ကောင်စီက လေကြောင်းနဲ့ လာရောက်ပစ်ခတ်လို့ ဒေသခံ ၁၀၀ နီးပါးသေဆုံးမှုဖြစ်ခဲ့ပြီး၊ ညနေပိုင်းမှာတော့ Mi35 နဲ့ လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။