မိုင်းဆွဲခံရလို့ သေဆုံးမှုရှိခဲ့တဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦး ဒဏ်ရာရ

0 1
0 1

ခင်ဦး၊ ဧပြီ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာရဲ့တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဧပြီလ ၁၁ ရက် ဒီကနေ့မနက် ၆ နာရီကျော်မှာ မိုင်းဆွဲခံရတာကြောင့် ၇ ဦးထက် မနည်းသေဆုံးခဲ့တယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦးမြို့ မူလတန်းကျောင်းတကျောင်းကနေ စစ်အင်အား ၆၀ ကျော်နဲ့ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာချိန် အသင့်ထောင်ထားတဲ့ ပဒေသာမိုင်း ၂ တွဲအပြင် တိုက်မိုင်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ KhinU Special Force Organization_KSOမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပဒေသာမိုင်းနဲ့တိုက်ခိုက်တဲ့အခါ ၇ ကောင် ပွဲချင်းပြီး သေတယ်။ မျက်မြင်တွေ့ခဲ့တာ။ ဒီလိုသေတဲ့အချိန်မှာ တခြားကောင်တွေက ခြုံတွေထဲကို တိုးဝင်ကြတယ်။ သေဆုံး၊ဒဏ်ရာရတဲ့ကောင်တွေကိုတော့ ကားတစီးနဲ့ ရေဦးမြို့ဘက်ကို သယ်သွားတယ်” လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် အင်းပတ်ကျေးရွာနဲ့ တမိုင်ခန့်ဝေးတဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံထဲ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အင်းပတ်ရွာနဲ့ မရမ်းအေးရွာကို ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ် ကလေးတဦးအပါအဝင် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒဏ်ရာရှိခဲ့သူတွေဟာ အင်းပတ်ရွာက ကိုနိုင်ထွန်း ၃၆ နှစ်၊ ကိုဝင်းချိုင် ၄၅ နှစ်၊ ဦးမော် ၇၀ နှစ်၊ ဒေါ်ပုတ်ဆုံ ၄၃ နှစ်နဲ့ သားဖြစ်သူ မင်းထက်ကျော် ၁၂ နှစ်၊ မရမ်းအေးရွာက ကိုကျော်ဇင် ၅၇ နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။

“ပစ်တဲ့လက်နက်ကြီးက ၁၀ လုံးကျော်တယ်။ နေအိမ်ကို တလုံးကျလို့ မီးလောင်သွားတယ်။ ဒဏ်ရာရတဲ့သူတွေက ရွာထဲကနေ ထွက်ပြေးတဲ့အချိန်မှာ လမ်းမှာလက်နက်ကြီးကျကွဲလို့ အစတွေ ထိမှန်သွားတာ။ ဒဏ်ရာတွေကတော့ သိပ်မစိုးရိမ်ရဘူး။ အခုသူတို့လုံခြုံတဲ့တနေရာမှာ ဆေးကုသနေတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ တိုက်ခိုက်ခံခဲ့ရပြီးနောက် အင်းပတ်ကျေးရွာထဲနဲ့ ကျေးရွာစာသင်ကျောင်း တို့ကို ဝင်ရောက်ရှာဖွေမွှေနှောက်သွားခဲ့ပြီးနောက် မနက် ၁၀ နာရီကျော်မှာရေဦးမြို့နဲ့ အင်းပတ်ကွေ့ အထိုင်ချစခန်းကို အသီးသီးပြန်လည်ဆုတ်ခွာသွားခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။