မင်းကင်းက စစ်သားနဲ့ပျူ ပူးပေါင်းစခန်းကို PDF တွေသိမ်းပိုက်နိုင်ခဲ့

0 2
0 2

မင်းကင်း၊ ဧပြီ ၁၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ စစ်ကောင်စီနဲ့ပျူစောထီးတွေ အထိုင်ချ တပ်စွဲထားတဲ့ မအူကျေးရွာစခန်းကို ဧပြီလ ၁၀ ရက်မနေ့ကညနေ ၅ နာရီလောက်မှာ PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်အား ၂၀ ကျော်ရှိတဲ့ အဆိုပါစခန်းကို PDF ပူပေါင်း ၆ ဖွဲ့က နေ့လည် ၂ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး၊ ညနေ ၅ နာရီကျော်အထိ ၃ နာရီကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာလို့ ရွှေဘိုခရိုင်တပ်ရင်း ၂၄ မှ ယာယီတပ်ရင်းမှူး Eagle one က မြေလတ်အသံကို ပြောပါတယ်။

“ကျနော်တို့တွေက ဒီစခန်းကိုသိမ်းပိုက်နိုင်ဖို့ တလကျော်ကြာ အစီအစဥ်ချခဲ့ရတယ်။ စခန်းထဲကို ဝင်ရောက်မီးရှို့နိုင်ခဲ့တယ်။ စကစနဲ့ပျူတွေမှာ ကျန်ခဲ့တဲ့လက်နက်တွေနဲ့ မိုင်းပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ စကစဘက်က လေယာဥ်မလာမီ သိမ်းနိုင်ခဲ့တာပါ” လို့ ဆိုပါတယ်။

မြေအောက်ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နေ့လည် ၅ နာရီခွဲလောက်မှာတော့ စစ်ကောင်စီနဲ့ပျူစောထီးတပ်သားတွေ ဆုတ်ခွာနိုင်ရေးအတွက် စစ်ကောင်စီဘက်က Mi-35 တစီးနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ Eagle Oneက ဆက်ပြောပါတယ်။

“စကစနဲ့ပျူတွေရဲ့ ထိခိုက်သေဆုံးမှု စာရင်းကိုတော့ မသိရသေးဘူး။ သေဆုံး၊ဒဏ်ရာရတာတော့ များနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ၆ ယောက်လောက် မစိုးရိမ်ရဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

Freedom Revolution Force အဖွဲ့က ရဲဘော် ၃ ဦးနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ၃ ဦးတို့ရဲ့ ခြေထောက်နဲ့ လက်တွေမှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို Freedom Revolution Force(Eagle 2) စစ်ကြောင်း၊ KG အဖွဲ့၊ မင်းကင်းမြို့နယ် PDF၊ မင်းကင်း ပကဖ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၉၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ စခန်းတွင်းရှိပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးပြီးနောက် ရဲဘော်တွေအနေနဲ့ လုံခြုံတဲ့နေရာကို ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။