ဘုရားကြီးမြို့ဂိတ်မှာ X-ray ဖြတ်ပြီးသား ကားတွေကို ရဲတွေက ငွေအတင်းလိုက်တောင်းနေ

0 1
0 1

မြေလတ်အသံ၊ ဧပြီ ၁၁၊ ၂၀၂၃။

ညောင်ခါးရှည် X-ray ဂိတ်မှာ အစစ်အဆေးခံ၊ ဂိတ်ကြေးပေးဆောင်ပြီးသား ခရီးသည်တင်နဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးအကြောင်းပြကာ အတင်းအဓမ္မ ပိုက်ဆံတောင်းခံနေတယ်လို့ ရန်ကုန်-မြဝတီကို အသွားအပြန်လုပ်နေကြတဲ့ ယာဥ်မောင်းတွေက ပြောပါတယ်။

စစ်ဆေးပြီးသား မော်တော်ယာဥ်တွေကို ဘုရားကြီးမြို့ပေါ်မှာ ထပ်မံတားဆီးစစ်ဆေးပြီး ငွေတောင်းခံတာဖြစ်လို့ ယာဥ်မောင်းတွေက မပေး‌ဆောင်လိုကြောင်း ပြောတဲ့အခါ ယာဥ်မောင်းတွေကို ဖမ်းဆီးခေါ်ဆောင်ကာ ရဲစခန်းတွင် အမှုဖွင့်အရေးယူမယ့်အထိ ခြိမ်းခြောက်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ယာဉ်မောင်းတဦးက မြေလတ်အသံကို ပြောပါတယ်။

“ပတ်ကင်းကားပုံစံနဲ့ လာသမျှကားတွေကို ငွေညစ်နေတာ၊ အဲ့ဒီဘက်မှာ စစ်တပ်ကတောင် အဲ့လောက်မဟုတ်တော့ဘူး။ သူတို့ရဲတွေပဲ တော်တော်ဆိုးဆိုးဖြစ်နေတာ၊ စကားအပြောဆိုမတတ်တဲ့သူတွေဆို စခန်းထဲအထိ ခေါ်သွားပြီး ငွေညစ်တယ်။ ကျနော်တို့မှာ ဟိုလည်းပေးရ ဒီလည်းပေးရ၊ လုံခြုံရေးကို အကြောင်းပြပြီး ကုန်တင်ကားတွေ Express တွေကို ပြဿနာမရှိ၊ ပြဿနာရှာ သေနတ်ပြပြီး ဓားပြတိုက်နေသလိုပါပဲ” လို့ ပြောပါတယ်။

အဲ့ဒီ နယ်ထိန်းရဲဦးဆောင်တဲ့အဖွဲ့ဟာ ရန်ကုန်-မော်လမြိုင်လမ်း၊ ရန်ကုန်-မန္တလေး(လမ်းဟောင်း) ကားလမ်းပိုင်းတွေမှာ အဓိကထား မတရားငွေကောက်ခံတာတွေ လုပ်နေပြီး ကားအဝင်များတဲ့ လမ်းတွေကိုပဲ ဦးစားပေးစစ်ဆေးပြီး ပိုက်ဆံတောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တဂိတ်ကို အနည်းဆုံးက ၅၀၀၊ ၁၀၀၀ပဲ။ တ‌ခါကားထွက်ရင် မြဝတီအထိဆို ဂိတ်ပေါင်းက ၂၀ နဲ့အထက်ပဲ မရေတွက်နိုင်ဘူး၊ ကြာတော့ မကိုက်တော့ဘူးလေ။ ရှာသမျှက သူတို့ဂိတ်ကြေးပေးရတာနဲ့ပဲ ကုန်သွားတယ်” လို့ ပဲခူးမြို့အခြေပြုပြီး ကုန်ကားမောင်းနှင်နေသူတဦးက ပြောပါတယ်။

ဘုရားကြီးမြို့မှာရှိတဲ့ ရွှေသံလွင်စစ်ဆေးရေးဂိတ်ဟာ ပြည်သူတွေ တိုင်ကြားတာကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲက ဖျက်သိမ်းလိုက်တာဖြစ်ပြီး၊ အဲ့ဒီနောက်မှာတော့ ဂိတ်မထိုင်တော့ဘဲ ကားနဲ့လှည့်ကာ ငွေတောင်းခံတာတွေ လုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

စာတည်း – ရင်ငြိမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။