စလင်း၊ အောက်တိုဘာ ၁၂၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၂ ဖက်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဆီက သိရပါတယ်။
စစ်ကော်မရှင်တပ်နဲ့ရဲတပ်သား စုစုပေါင်းအင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို အောက်တိုဘာ ၈ ရက် မနက် ၄ နာရီခွဲဝန်းကျင်ကနေ ၄ နာရီကြာတိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ စတင်တိုက်ခိုက်တာကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့ကနေ ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်တယ်၊ တိုက်ခိုက်ပြီးချိန်မှာ မြေပြင်တပ်ဖွဲ့အနေနဲ့ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်း ရဲ့ တပ်ခွဲ ၂ ကနေပြီးတော့ ရန်သူ့နယ်မြေအထိချဉ်းကပ်ပြီး လက်နက်ငယ်နဲ့ ပစ်ခတ်တာတွေရှိတယ်၊” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း IO ဟီးရိုး ကပြောပါတယ်။
တော်လှန်ရေးတပ်တွေဘက်က ရဲစခန်းဘန်ကာတွေအနီးထိသွားရောက်တိုက်ခိုက်ခဲ့ပြီး ဘန်ကာ ၃ လုံးကိုဖြိုနိုင်ခဲ့ကာ စစ်ကော်မရှင်တပ်တွေဘက်ကလည်း စနိုက်ပါတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ဘက်က ပစ်ခတ်ပေမဲ့စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ခိုက်ခြင်း မရှိဘူး၊ ၉ နာရီ လောက်မှာ စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ခိုက်တာတွေရှိတယ်၊ ရဲစခန်း ဘန်ကာတွေ ဆောက်ထားတဲ့နေရာအထိ ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တာတွေရှိတယ်၊ ဘန်ကာ ၄ လုံးရှိတယ်၊ ကျနော်တို့ ၃ လုံးကိုဖြိုနိုင်ခဲ့တယ်၊ ၁ လုံးကိုတော့ ကျနော်တို့ မဖြိုနိုင်ဘူး၊” လို့ IO ဟီးရိုး ကပြောပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကော်မရှင်ဘက်က မနက် ၁၀ နာရီလောက်မှာ ၁ ကြိမ်၊ ၁၁ နာရီထိုးပြီးမှာ ၁ ကြိမ် လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် ၁၉ အရွယ် မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ဖွဲ့ဝင်ဖိုးစိုင်း သေဆုံးခဲ့ပြီး သူ့ရဲ့စျာပနကိုတော့ တိုက်ပွဲဖြစ်ပြီးနေ့ချင်းပြုလုပ်ခဲ့တယ်လို့ IO ဟီးရိုးက ပြောပါတယ်။
လင်းဇင်းတိုက်နယ် ရဲစခန်းမှာ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ က စစ်ကော်မရှင်တပ်ဖွဲ့ဝင်၊ ရဲနဲ့ ဆယ်ကန်ရွာကပျူစောထီးအပါအဝင် စုစုပေါင်းအင်အား ၅၀ ဝန်းကျင်နဲ့ တပ်စွဲထားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကံပြားရွာဘက်ကနေ တင့်ကား ၄ စီးနဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းကို ပုသိမ်-မုံရွာ ကားလမ်းပိုင်းမှာ မင်ဘူးခရိုင် အမှတ် ၅ တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP