ပေါင်းတလည်မှာ စစ်တပ်လက်အောက် လုံ/ကြမ်းခေါင်းဆောင်တဦး ပစ်ခတ်ခံရပြီး သေဆုံး

0 9
0 9

ပေါင်းတလည်၊ အောက်တိုဘာ ၁၀၊ ၂၀၂၅ ။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့မှာ ကျေးရွာလုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး(လုံကြမ်း)နဲ့ ပြည်သူ့စစ်(ပျူစောထီး) ခေါင်းဆောင်တဦး ပစ်ခတ်ခံရပြီးသေဆုံးတယ်လို့ ပြည်ခရိုင်တပ်ရင်း ၂ က အောက်တိုဘာ ၁၀ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူမှာ အသက် ၆၀ နှစ်ခန့်ရှိ ခွေးရဲချင်းရုပ်ကုန်းကျေးရွာ လုံ/ကြမ်းနဲ့ပြည်သူ့စစ်ခေါင်းဆောင် ဦးလှမြင့် ဖြစ်ပြီး အောက်တိုဘာ ၆ ရက် မနက် ၁၀ နာရီခန့်မှာ သူနေထိုင်ရာ ခွေးရဲချင်းရုပ်ကုန်းရွာကနေ တဦးတည်းဆိုင်ကယ်နဲ့ထွက်လာချိန် ဝန်တင်ဆိပ်ကျေးရွာအနီးမှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

” ဆေးကုလာရင်း မိတာ။ သူသွားတဲ့အချိန် သတင်းရလို့ပါ။ သူဖမ်းမိပြီးခေါ်သွားတဲ့အချိန်လမ်းမှာပြေးလို့ ပစ်ခတ်ခဲ့တယ်။ လိုက်လံဖမ်းဆီးပစ်ခတ်တဲ့အခါမှာ သေသွားတာ” လို့ ပြည်ခရိုင်တပ်ရင်း ၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Red Star က ပြောပါတယ်။

ပစ်ခတ်ခံရလို့ ဦးလှမြင့်မှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့နေရာမှာသေဆုံးသွားပြီး ၎င်းထံကနေ ဂတ်စ်အသုံးပြုပစ်ခတ်တဲ့ ပစ္စတိုသေနတ် ၁ လက်၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဦးလှမြင့်ဟာ စစ်ကော်မရှင်လက်အောက် ကျေးရွာပြည်သူ့စစ်ခေါင်းဆောင်၊ ကျေးရွာပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးခေါင်းဆောင်တဦးဖြစ်သလို ဒေသတွင်းမှာ ပြည်သူ့စစ်(ပျူစောထီး)အင်အားစုဆောင်းတာ၊ လူငယ်တွေရဲ့အချက်အလက်တွေစုဆောင်းပြီး ပေါင်းတလည်ရဲစခန်းနဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေထံ ပေးပို့တာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေပြုလုပ်နေသူဖြစ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ကစတင်ကာ စစ်ကော်မရှင်တပ်က စစ်မှုထမ်းဟောင်း၊ ရဲမှုထမ်းဟောင်းတွေ၊ ၎င်းတို့ကိုထောက်ခံသူတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ရပ်ကွက်၊ကျေးရွာ၊ မြို့နယ်အဆင့်အလိုက် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်းနင်းရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ကော်မရှင်တပ်၊ ရဲ၊ ပျူစောထီးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတာပါ။

သိမ်းဆည်းရမိ ဦးလှမြင့်လက်ကိုင်ဖုန်းကနေ ပေါင်းတလည်နဲ့ဝက်ထီးကန်‌နယ်မြေက ရပ်ကွက်၊ ကျေးရွာပြည်သူ့စစ်စာရင်းတွေရရှိထားပြီး စစ်ကော်မရှင်ထောက်တိုင်တွေနဲ့ စစ်ကော်မရှင်လုပ်မဲ့ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်သူတွေကို စုံစမ်းပြီးထိရောက်စွာအရေးယူသွားမယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၁ ရက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ပန်းသင်းပင်ကျေးရွာမှာ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦး လယ်ခင်းထဲအသွား ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။