◼ ၂ ရက်တာဆင်လန်တိုက်ပွဲမှာလည်း အထိနာခဲ့လို့ အင်အားရာချီထပ်ဖြည့်
မြေလတ်အသံ၊ အောက်တိုဘာ ၉၊ ၂၀၂၅။
ရခိုင်ပြည်နယ်အစပ် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ဆင်လန်ဒေသမှာ အာရက္ခတပ်တော် – AA ရဲ့ထိုးစစ်ပြင်းထန်လာချိန် ညောင်ခြေထောက်ရွာထိပ်မှာ စစ်ကော်မရှင်တပ်က ခံစစ်စခန်းတခုထပ်မံ တည်ဆောက်လိုက်တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့လက်နက်ထုတ်လုပ်ရေးတပ် အမှတ် ၆ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၆) အခြေစိုက်ရာ ညောင်ခြေထောက်ရွာတံတားထိပ်မှာ အခိုင်အမာခံစစ်စခန်းတခုကို အောက်တိုဘာပထမပတ်အတွင်းမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အင်အား ၅၀ ဝန်းကျင်တပ်စွဲထားတယ်လို့ ဆိုပါတယ်။
” အခုတည်ဆောက်ထားတဲ့စခန်းကတံတားထိပ်မှာပါ။ ယခုလအတွင်းဖြစ်ပါတယ်။ ခံစစ်စခန်းတည်ဆောက်လို့ပြီးပါပြီ။ အဲ့စခန်းမှာဘယ်တပ်ရင်းတွေနေလည်းဆိုတာတော့မသိရပါ။ ဆင်လန်ကျရင် ကပစ ၆ ကို တောက်လျှောက်ဝင်တိုက်လို့မရအောင် ကာတဲ့စခန်းပေါ့လေ” လို့ ပန်းတောင်းဒေသ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက် တွေမှာ ကပစ ၆ (ညောင်ခြေထောက်ရွာ)နဲ့ ၇ မိုင်အကွာက အနီးကပ်ဆုံးစစ်စခန်းဖြစ်တဲ့ ဆင်လန်စခန်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်သားအများအပြားသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
” ဒဏ်ရာရရတဲ့ကောင်တွေကို လူနာတင်ကားတွေနဲ့ ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံကို ၄ ခေါက်ပို့ရတယ်။ ဒဏ်ရာရ၊ သေဆုံးတာက တပ်စုတစုအပြည့်ပေါ့။ ၃၀၊ ၃၅ ယောက်လောက်ပေါ့” လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
၂ ရက်တာတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် အထိနာခဲ့တဲ့စစ်ကော်မရှင်တပ်က ဆင်လန်စခန်းကို စစ်အင်အား ၁၀၀ ကျော်ကို ပန်းတောင်းတပ်နယ်ကနေ ထပ်မံ ပို့ဆောင်ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
ဆင်လန်ကာကင်းစခန်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်တာ မရှိသေးဘဲ တိုက်ပွဲအတွင်း သေဆုံး၊ ဒဏ်ရာရနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိအခြေအနေအသေးစိတ်တွေကို အတည်မပြုနိုင်သေးပါဘူး။
အာရက္ခတပ်တော် – AAက စက်တင်ဘာဒုတိယပတ်အတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့လေသာတောင်စခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် ဆင်လန်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး တိုက်ပွဲတွေ ၁ လ နီးပါးကြာမြင့်လာချိန်မှာ ညောင်ခြေထောက်ရွာထိပ်မှာ ကပစ ၆ အတွက် ခံစစ်စခန်းတခုထပ်မံတိုးမြှင့်လိုက်တာပါ။
စစ်ကော်မရှင်တပ်ဘက်က AA ထိန်းချုပ်ထားတဲ့ လေသာတောင်နဲ့ ညောင်ကျိုးစခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာဖြစ်သလို AA ပူးပေါင်းတပ်ဘက်ကလည်း ဆင်လန်စခန်းကိုရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် – AAထိုးစစ်ဆင်နေတဲ့ ဆင်လန်ကျေးရွာကာကင်းစခန်းဟာ ကပစ ၆ တည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၇ မိုင်ခန့်သာကွာဝေးပြီးတော့ စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်နေသလို ပန်းတောင်းတပ်နယ်အတွင်း ပါရာမော်တာတချို့ထားရှိပြီးခုခံနေတာပါ။
ကပစ ၆ ဟာ တပ်အင်အား ၄၀၀ ကျော်ရှိတဲ့တပ်ဖြစ်သလို ပန်းတောင်းတပ်နယ်မှာ ကပစ ၆ အပြင် ကပစ ၉၊ ကပစ ၅၊ ကပစ ၃၊ တကစ ၃၊ ကထက (ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့သင်တန်းကျောင်း)၊ ခလရ ၉၂ စတဲ့ တပ်ရင်းတွေအခြေစိုက်ထားကာ ကပစ ၆နဲ့ ပန်းတောင်းတပ်နယ်အတွင်းမှာပဲ တိုက်ခိုက်ရေးအတွက် ခြေလျင်၊ ခြေမြန်တိုက်ခိုက်ရေးတပ်တွေနဲ့လည်း အင်အားဖြည့်တင်းပြီး ခုခံတိုက်ခိုက်နေတာလို့ တပ်နယ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အာရက္ခတပ်တော်-AA က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်မှာ သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ် ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းပေါ် ရခိုင်ရိုးအတွင်းရှိ စစ်ကော်မရှင်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်ခဲ့တာပါ။
အဲ့ဒီလိုထိုးစစ်ဆင်ခဲ့ရာမှာ ၂၀၂၅ ဖေဖော်ဝါရီလမှာ ပုဂံကွဲစခန်း၊ မတ်လမှာ ညောင်ကျိုးပင်မနဲ့ ကာကင်းစခန်းတွေ၊ စက်တင်ဘာလမှာ လေသာတောင်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၆ အနီးက စစ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ