မြေလတ်အသံ၊ အောက်တိုဘာ ၅၊ ၂၀၂၅။
ပရီးမီးယားလိဂ် ပွဲစဉ် ၇ စနေနေ့ညရဲ့ နောက်ဆုံးပွဲဖြစ်တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ် ပွဲစဉ်မှာ ချဲလ်ဆီးက လီဗာပူးလ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
စတန်းဖို့ဒ်ဘရစ်ချ်မှာယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ ပရီးမီးယားလိဂ် ၂ ပွဲဆက်ရှုံးထားခဲ့ရတဲ့ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ် ၆ မှာ ပထမဆုံးရှုံးပွဲတွေ့ထားတဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကလည်း အဆင့် ၁ နေရာ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့တာပါ။
ပထမပိုင်း ပွဲချိန် ၁၄ မိနစ်မှာ ချဲလ်ဆီး ကွင်းလယ်ကူ ကိုင်စီဒိုရဲ့ လှပတဲ့ အဝေးကန်ချက်နဲ့ အိမ်ရှင်အသင်း ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းအပြီးမှာ ၁-၀ ရလဒ်နဲ့ ချဲလ်ဆီးက ဦးဆောင်ထားတာပါ။
ဒုတိယပိုင်းမှာတော့ လီဗာပူးလ်က လူစားပြောင်းလဲမှု ၃ ကြိမ်ပြုလုပ်ပြီးတဲ့နောက် ၆၃ မိနစ်မှာ အီဆက်ရဲ့ ဖန်တီးမှုကနေတဆင့် ကိုဒီဂတ်ပို က အမှားအယွင်းမရှိကန်သွင်းခဲ့ပြီး လီဗာပူးလ်အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒီနောက် လက်ကျန်မိနစ်တွေမှာ အနိုင်ရလဒ်ရရှိအောင် ၂ သင်းလုံး ပိုမိုကြိုးစားခဲ့ပေမယ့် ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့ခြင်းမရှိသလို ပြစ်ဒဏ်ဘောတွေကို လျစ်လျူရှုထားတဲ့ ကွင်းလယ်ဒိုင်ကြောင့် ပွဲက ပိုမိုကြမ်းတမ်းပြီး အကြိတ်အနယ်ရှိခဲ့တာပါ။
မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၇ မိနစ် ခွင့်ပြုပေးခဲ့ရာက နာကျင်အချိန်ပို ၆ မိနစ်မှာ ချဲလ်ဆီးရဲ့ လူစားဝင် လူငယ်တောင်ပံကစားသမား အက်စတီဗိုက ကူကူရယ်လာရဲ့ ပေးပို့မှုကို ချိန်သားကိုက် ပိတ်ဆို့နိုင်ခဲ့လို့ အနိုင်ဂိုးရရှိခဲ့ပြီး ပွဲအပြီးမှာတော့ ၂-၁ ရလဒ်နဲ့ အိမ်ရှင် ချဲလ်ဆီးအသင်း အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
ပွဲချိန်အတွင်း ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စကာနဲ့ လီဗာပူးလ်နည်းပြ အာနဲစလော ၂ ဦးလုံး အဝါကဒ်ပြသခံထားရပြီး ပွဲပြီးကာနီးမှာတော့ အန်ဇိုမာရက်စကာက နောက်ထပ် အဝါကဒ်နဲ့အတူ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပါသေးတယ်။
ဒီပွဲစဉ် ရလဒ်ကြောင့် လီဗာပူးလ်က ပြိုင်ပွဲစုံ ၃ ပွဲဆက်ရှုံးနိမ့်ခဲ့သလို အဆင့် ၁ နေရာက အာဆင်နယ်နဲ့ ၁ အကွာနဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာကိုရောက်ရှိသွားခဲ့ပြီး ချဲလ်ဆီးကတော့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။