ပခုက္ကူဒေသခံထောင်ကျော် အရေးပေါ်စစ်ရှောင်ရပြီး ဖမ်းခံရသူတွေလည်းရှိနေ

0 17
0 17

ပခုက္ကူ၊ အောက်တိုဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ စစ်ကော်မရှင်တပ်က ၂ ရက်ဆက် စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံ ၁ ထောင်ကျော် အရေးပေါ်တိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နဲ့ အောက်တိုဘာ ၁ ရက်တို့မှာ အင်အား ၁၀၀ ကျော်ပါစစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးခဲ့တာကြောင့် ပြည့်အိုင်၊ အင်ကြင်းပင်၊ ချောင်းဦးတို၊ ရွာသာအေး၊ ရေမျက် စတဲ့ ကျေးရွာက ဒေသခံတွေစစ်ရှောင်နေကြရတာပါ။

“ပြည့်အိုင်ရွာထဲကို ညောင်ဂျစ်ပင်ကနေ ကား ၃ စီးဆင်းလာပြီးတော့ ၁ အိမ်ပြီး ၁ အိမ် ရိက္ခာတွေ လိုက်တောင်းတယ်၊ ယူတယ်။ သူတို့လိုချင်တာရှိရင်ယူသွားတယ်လို့ကြားတယ်”လို့ Red Giant အဖွဲ့ကဒေါင်းနီက ပြောပါတယ်။

ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှာတပ်စွဲနေထိုင်နေတဲ့ အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၃၀ ရက်မနေ့က ညနေ ၃ နာရီခန့်မှာ ရေမျက်ရွာနဲ့ ပြည့်အိုင်ရွာတို့ကို စစ်ကြောင်းထိုးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးစဥ် ဒေသခံ ၂ ဦးကိုဖမ်းဆီးကာ ညောင်ဂျစ်ပင်ရွာကို နေ့ချင်းပြန်ဝင်သွားခဲ့ပြီး ညပိုင်းမှာတော့ ဖမ်းထားသူတွေကို ပြန်လွှတ်လိုက်ကာ အောက်တိုဘာ ၁ ရက် ဒီမနက် ၁၀ နာရီလောက်မှာ ပြည့်အိုင်ရွာ၊ အင်ကြင်းပင်နဲ့ ချောင်းဦးတိုရွာတို့ကိုဝင်ရောက်လာခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

ရုတ်တရက် စစ်ကြောင်းထိုးလာတဲ့အတွက် အဲ့ဒီကျေးရွာတွေက ဒေသခံ ၄ ဦးဖမ်းဆီးခံခဲ့ရကာ တချို့ပြန်လွတ်လာသူတွေလည်းရှိတယ်လို့သိရပေမယ့် ဒီအခြေအနေနဲ့ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

“ပြည့်အိုင်၊ နောက်ကအင်ကြင်းပင်ရွာမှာလည်း ပြည်သူတွေဆီက ရိက္ခာတွေယူသွားတယ်။ ပြည်သူ တွေ ဖမ်းမိပါတယ်။ ၄ ယောက်လောက်ဖမ်းမိတယ်၊ ပြန်လွတ်တဲ့လူလည်းလွတ်တယ်။ ကားတွေနဲ့ ပါရောက်ပြီး ရိက္ခာတွေလာယူတယ်ထင်တာပဲ။ ပြည်သူတွေဆီကယူပြီး ကမ္မစခန်း ညောင်ဂျစ်ပင် ပျူရွာတို့ကို ရိက္ခာပို့တာပါဗျ”လို့ Red Giant အဖွဲ့မှ ကိုဒေါင်းနီကပြောပါတယ်။

စစ်ကြောင်းထိုးပြီးနောက် ကမ္မမြို့ဘက်ကို ထွက်ခွာသွားပြီး ကမ္မမြို့နဲ့အနီးတဝိုက်မှာ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။

“ညောင်ဂျစ်ပင်မှာရှိတဲ့အင်အားနဲ့အထိုင်လောက်ချန်ခဲ့ပြီး သူတို့စစ်ကြောင်းရယ်ပေါင်းပြီး ကမ္မမြို့နဲ့ နီးတဲ့ ရွာပတ်ချာလည်မှာဝင်တယ်။ အခုဆိုကမ္မမြို့မှာ နေရာယူထားပြီးနေရာတွေဖြန့်ထားတယ်။ ဆက်လက်ပြီးတော့ မလှုပ်ရှားသေးပါဘူး အခုချိန်ထိ”လို့ ကိုဒေါင်းနီကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာ ၂၈ ရက်ကတည်းက ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ က ထွက်လာပြီး ညောင်ဂျစ်ပင်ရွာမှာပျူစောထီးတွေနဲ့အတူတပ်စွဲနေခဲ့ပြီးနောက် ခုလို စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။