နတ်မောက်မှာ မိုးသည်းပြီးဆည်လက်တံကျိုးလို့ မိသားစု ၆ ဦးရေစီးထဲမျောပါသေဆုံး

0 5
0 5

ရေကြီးနေတဲ့ကြားက အမျိုးသား ၁ ဦး ပေါ်တာအဆွဲခံရ

ဒိန်းဂျား၊ ကျော်ကြီး

နတ်မောက်၊ စက်တင်ဘာ ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်မှာ စက်တင်ဘာ ၂၈ ရက်ဒီနေ့လယ်ပိုင်းက ရေနဲ့ မျောပါသေဆုံးသွားတဲ့ မိသားစုဝင် ၆ ဦးအလောင်းကို တွေ့ရှိခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူတွေဆီက သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်ကတည်းကမိုးသည်းထန်စွာရွာသွန်းတာကြောင့် ညပိုင်းမှာ အိုင်ဇောက်ဆည် လက်တံကျိုးပြီး ဆည်အနီးရှိ မဲဇလီပင်ရွာက အသက် ၁၂ နှစ်အရွယ်ကလေး ၂ ဦးအပါအဝင် မိသားစုဝင် ၆ ဦးရေနဲ့ မျောပါသွားခဲ့ပြီး ဒီနေ့လယ်ပိုင်းမှာ အလောင်းတွေကို ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးတဲ့ မိသားစုတွေရဲ့ အမည်ကတော့မသိရသေးဘူး၊ အဲ့ဒီကရွာသားတွေကလည်း ဖုန်းဆက်လို့ မရဘူး၊ ရေစီးနဲ့မျောပါသွားတာ၊ ညကဖြစ်သွားတာ၊ အလောင်းတွေတော့တွေ့ပြီ၊ အခု နေ့လယ်မှ တွေ့တာ”လို့ သူက ဆက်ပြောပါတယ်။

အလောင်းတွေကိုတော့ လူမှုကူညီရေးအသင်းတွေကသယ်ယူပြီး နာရေးကိစ္စပြုလုပ်ဖို့ ပြင်ဆင်နေ တယ်လို့ သိရပါတယ်။

ဒါ့အပြင် အလောင်းတွေ့ခဲ့တဲ့ အောင်ဆန်းရပ်ကွက်မှာလည်း ရေကြီးနေချိန် ဒီနေ့လယ်ပိုင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတွက် အမျိုးသား ၁ ဦးဖမ်းဆီးခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိကို ရေကြီးနေတဲ့ကြားထဲက ပေါ်တာဆွဲနေတာ နတ်မောက်မြို့ ပေါ်က အသက် ၃၀ ကျော် ၁ ဦးပါသွားတယ်၊ အခုနေ့လယ်ပိုင်းမှာ ပေါ်တာဆွဲသွားတာ၊ ကျနော်တို့ ဒီဘက်မှာ မိုးတအားရွာနေတာ ၂ ရက်ရှိပြီ၊” လို့ ဗိုလ်အောင်ဒင်က ပြောပါတယ်။

လက်ရှိမှာ နတ်မောက်မြို့နယ်ကျေးရွာတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာပါ ရေကြီးရေလျှံဖြစ်နေတာ ကြောင့် ဒေသခံတွေလည်းရေဘေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“လောလောဆယ်တော့ နတ်မောက်မြို့ပေါ်ပဲရှိသေးတယ်၊ အောင်ဆန်းရပ်ကွက်က လူတွေကတော့ အကုန်လုံးရွှေ့နေကြတယ်၊ အောက်ပိုင်းမှာရေက ခါးလောက်ရှိတယ်၊ တချို့ဝက်ခြံတွေ၊ သီးပင်စားပင်တွေကတော့ ရေမြုပ်ကုန်တယ်၊ ဝက်တွေလည်းပါကုန်တယ်” လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း တပ်ရင်းမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

အလားတူ စက်တင်ဘာနောက်ဆုံးပတ်အတွင်း မကွေးတိုင်းအတွင်းက ပခုက္ကူ၊ ဆော၊ ပေါက် စတဲ့မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာရွာ ရေကြီးပြီး မြေပြိုကျမှုတွေဖြစ်ပေါ်လျှက်ရှိနေပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးပြည်နယ်တောင်ပိုင်းဒေသတွေကို ဖြတ်ကျော်နေတဲ့ အားကောင်းသောအပူပိုင်းမုန်တိုင်း “ရာဂါဆာ” ကြောင့် အောက်တိုဘာ ၁ ရက်အထိ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက စက်တင်ဘာ ၂၅ ရက်မှာထုတ်ပြန်ထားပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။